လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘွတ်တွင် အမည်မျိုးစုံဖြင့် ချေးငွေလုပ်ငန်းများ ဟန်ဆောင်ကာ ငွေကြေးလိမ်လည်မှု အများအပြားရှိနေပြီး နေရာဒေသအတော်များများမှ ငွေကြေးခက်ခဲနေသူများအပြင် ရွှေ့ပြောင်းမြန်မာလုပ်သားများကို ပစ်မှတ်ထားကို လိမ်လည်ခံရမှုများ ရှိနေကြောင်း သိရသည်။
အလုပ်ကလည်း အဆင်မပြေ၊ အပြင်လည်း ငွေချေးဖို့ခက်တော့ အွန်လိုင်းက ငွေချေးလုပ်ငန်းကို ဆက်သွယ်ကြည့်လိုက်တာ။ သူတို့က ဘာမှ မလိုဘူး မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ ဖုန်းနံပါတ်လောက်ပဲ တောင်းတာ။ အခက်အခဲလည်းဖြစ်နေတာလေ။ အတိုးကလည်း ၂ ကျပ်တိုးဆိုတော့ လှမ်းချေးလိုက်တာ။ သူတို့တောင်းတာတွေ ပို့ပြီးတော့ စာရွက်စာတမ်းကြေးနဲ့ ဝန်ဆောင်ခဆိုပြီး ငွေအရင်လွှဲခိုင်းတယ်။ အဲဒါပြီးမှ ချေးငွေရမှာဆိုတော့ လွှဲလိုက်တာ။ ဆက်သွယ်လို့ မရတော့ဘူး
ဟု KBZ တရုပ်မလေးချေးငွေအေးဂျင်း (အဆိုပါ page တွင်ရေးထားသည့်အမည်အတိုင်း) မှ ချေးငွေရရန် ဆက်သွယ်ခဲ့သည့် အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ပြောသည်။
အလားတူ အခြားအမည်မျိုးစုံဖြင့် ချေးငွေလုပ်ငန်းဟု ဖေါ်ပြထားသည့် facebook page များမှ လိမ်လည်ခံရ၍ သတင်းဌာနသို့ ဆက်သွယ်ပြောကြားလာမှုများလည်းရှိနေပြီး အဆိုပါ ချေးငွေလုပ်ငန်း page များသည် ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများ၊ တရားဝင်ချေးငွေဝန်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ပုံများကို ထင်ယောင်ထင်မှားဖြစ်စေရန် အသုံးပြုထားကြသည်ကို တွေ့ရသည်။
ကိုယ့်နား လိမ်ခံရသူတွေများတော့ စမ်းကြည့်မယ်ဆိုပြီး လှမ်းမေးတာ။ ဘာအာမခံမှမလိုဘူး။ နှစ်ကျပ်တိုးနဲ့ သိန်း (၅၀၀) အထိချေးလို့ရတယ်တဲ့။ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ မှတ်ပုံတင်ကို ရှေ့/နောက် နှစ်ပုံ၊ အိမ်ထောင်စုဇယားကို ရှေ့၊ နောက်နှစ်ပုံ၊ ဖုန်းနံပါတ်တွေ တောင်းတယ်။ သိန်း (၁၀၀)ဆိုတော့လည်း ရတယ်တဲ့။ စာရွက်စာတမ်းစုံတာနဲ့ ချက်ချင်းလွှဲပေးမယ်တဲ့။ ပြီးတော့ စာရွက်စာတမ်းကြေး အရင်လွှဲပေးပါ။ လွှဲပြီးရင် ချေးငွေကို wave ကနေ လွှဲပေးမယ်လို့ ပြောတယ်။ စာရွက်စာတမ်းကြေးက (၂)သိန်းကျတယ်ပြောတယ်။ အဲဒီ နှစ်သိန်းကို ချက်ချင်းလွှဲခိုင်းတာ တောက်လျှောက်ပဲ။ သူတို့က ငွေတွေပို့တော့မှာမို့ တစ်ခါထဲ ပို့ပေးမလို့ မြန်မြန်လွှဲပေးပါဆိုပြီး တစ်ချိန်လုံး ပြောလာတယ်။ ကိုယ့်နားမှာ သောင်းဂဏန်း၊ သိန်းဂဏန်းနဲ့ အလိမ်ခံထားရတာတွေ တွေ့ထားတော့ ကိုယ်တော့ အလိမ်မခံလိုက်ရဘူး
ဟု အွန်လိုင်းချေးငွေလုပ်ငန်းမှ ငွေချေးယူရန်ကြိုးစားခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါငွေကြေးလိမ်လည်သည့် facebook page များ၊ အကောင့်များ၊ ဂရုများတွင် မည်သည့်ဒေသမှ မည်သူမည်ဝါအား ငွေမည်မျှချေးပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါလူပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် ဓါတ်ပုံများ၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများဖြင့် ပို့စ်များတင်ပြီး အဆိုပါပို့စ်များကို ၎င်းတို့၏ အကောင့်တုများစွာဖြင့် facebook group များစွာတွင် ပြန်လည်ဖြန့်ဝေကြသည်ကို တွေ့ရသည်။
အဆိုပါ အွန်လိုင်းချေးငွေလုပ်ငန်းအတုများက အခြားငွေကြေးဆိုင်ရာလုပ်ငန်းများ၏ ပုံများ၊ လူပုဂ္ဂိုလ်များ၏ ပုံများကို အသုံးပြုထားကြပြီး ရုံးခန်းကိုလည်း COVID 19 ကြောင့် ပိတ်ထားရသယောင် လိမ်ညာထားကြသည်ကိုလည်း တွေ့ရပြီး အလိမ်ခံရသူများက ၎င်းတို့၏ facebook pageများတွင် ကော်မန့်များ သွားရေးပါကလည်း ကော်မန့်များကို ဖျက်ခြင်း ဘန်းခြင်းများသည်အထိ ပြုလုပ်သည်ဟုလည်း သိရသည်။
ယင်းကဲ့သို့ အွန်လိုင်းမှ လိမ်ညာမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ယခင်ကတည်းက ဖမ်းဆီးရမိမှု မရှိသလောက်ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် အွန်လိုင်းမှ နည်းမျိုးစုံဖြင့် ငွေကြေးလိမ်လည်ရယူမှုအများအပြား ထွက်လာသည်ကို တွေ့ရသည်။
ဆက်စပ်သတင်း
အာဏာသိမ်းခံရသည့် ကာလအတွင်း အွန်လိုင်းမှ ငွေစက္ကူအတုများ ပေါ်ပေါ်တင်တင် ရောင်းချမှု များပြားလာ