တစ်ပြည်လုံးကို အင်တာနက်၊ ဖုန်းလိုင်းများ ဖြတ်တောက်ကာ အာဏာသိမ်းခဲ့သည့် အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုနေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင်လည်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံတွင်း မြို့နယ် အတော်များများတွင် နံနက် (၄)နာရီမှ ည (၁၁)နာရီအထိ အင်တာနက်လိုင်းများ ဖြတ်တောက်ထားရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်တွင် ကုန်ကျစရိတ်များစွာ သုံးစွဲပြင်ဆင်နေသည့် ပြည်ထောင်စုနေ့အခမ်းအနားကို ဗိုလ်ရှုသဘင်အပြင် မြို့အသီးသီးတွင်လည်း လုံခြုံရေး အထူးတင်းကြပ်စွာ ပြင်ဆင်နေသည်ကိုလည်း တွေ့ရသည်။
ယမန်နှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ဖုန်းလိုင်းများကို ကတ်ကြေးဖြင့်ဖြတ်၊ ဆွဲဖြုတ်ကာ လိုင်းဖြတ်တောက်ခဲ့ကြသည့် အာဏာသိမ်းအဖွဲ့က ဆက်သွယ်ရေးကုမ္ပဏီများကို ဖုန်းလိုင်းများ ကြားဖြတ်နားထောင်ရေး၊ အင်တာနက်လိုင်းများ ဖြတ်တောက်ရေးတို့ကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးခိုင်းစေခြင်းများကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။
#TachileikNewsAgency