အာဏာသိမ်းစစ်အုပ်စု၏ စီးပွားရေးထောက်တိုင်ကုမ္ပဏီများတွင် အလုပ် မလုပ်ကြရန် ဗမာ့လူငယ်ကွန်ယက်က သတိပေးချက်ထုတ်ပြန်

အာဏာသိမ်းစစ်အုပ်စု၏ စီးပွားရေးထောက်တိုင်ကုမ္ပဏီများတွင် အလုပ် မလုပ်ကြရန် ဗမာ့လူငယ်ကွန်ယက်က သတိပေးချက်ထုတ်ပြန်
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်အုပ်စု၏ စီးပွားရေးထောက်တိုင်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်နေသည့်ဝန်ထမ်းများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များအတွက် အာမခံမည်မဟုတ်ကြောင်း ဗမာ့လူငယ်ကွန်ယက်က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်အုပ်စုထောက်တိုင်များဖြစ်သော မြန်မာဘီယာ၊ Mytel ကုမ္ပဏီတို့အပြင် တခြားသော စစ်အုပ်စုနှင့်ဆက်စပ်ကုမ္ပဏီများ၌ အလုပ်လုပ်ပေးနေကြသော ဝန်ထမ်းများနှင့် အကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးယန္တရားများ လည်ပတ်စေရန် လုပ်ဆောင်ပေးနေသူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို အာမခံမည်မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဗမာ့လူငယ်ကွန်ယက်အနေဖြင့် စစ်ရေးအရှိန်တိုးမြှင့်၍ အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရားများ၊ စီးပွားရေးထောက်တိုင်များ၊ စစ်ကောင်စီအနွယ်ဝင်များနှင့် လူထုတော်လှန်ရေးကို နှောင့်‌ယှက်ဖျက်ဆီးနေသော သတင်းပေးဒလန်များအားလုံးကို ဗမာ့မြေပေါ်မှ အပြီးတိုင်ပျောက်ကွယ်သွားသည်အထိ သုတ်သင်ချေမှုန်းသွားမည်ဟု ထုတ်ပြန်သည်။

ဗမာ့လူငယ်ကွန်ယက်သည် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားဖြစ်သည့် Mytel Showroom အား  ဖေဖော်ဝါရီလ (၈)ရက်နေ့ နံနက် (၅) နာရီဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။