ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ၊ ၅ မိုင်နှင့် ၆ မိုင်တို့တွင် ယမန်နေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့က စစ်ကြောင်းထိုးသည့် အာဏာသိမ်းစစ်တပ်က လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုအပြင် လေထီးတပ်ကိုပါ အသုံးပြုခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF ပူးပေါင်း မဟာမိတ်များက ခုခံတိုက်ခိုက်ခဲ့ရာ ယမန်နေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာလာသည့် အာဏာသိမ်းတပ်က ညနေ (၅)နာရီခွဲအချိန်တွင် တိုက်လေယာဉ် (၂)စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများပြင်းထန်နေချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်း၊ ဒေါရောက်ခူကျေးရွာအုပ်စု ထီးတူးခူကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီ၏ လေထီးတပ်များချခဲ့ပြီး တောင်ငူဘက်မှ လိုဘာခိုကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ကရင်နီတပ်မတော်နှင့် KNDF က ခုခံတိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် အာဏာသိမ်းစစ်တပ်သည် ည(၉)နာရီတွင် လေယာဉ်ဖြင့်လာ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းပစ်ကူအပြင် လေထီးတပ်ပါသုံး၍ တိုက်ခိုက်နေသည့် အာဏာသိမ်းတပ်က အရပ်သားမရှောင်တိုက်ခိုက်နေရာ လွိုင်ကော်မြို့တွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၁၅) ဦးထက်မနည်းကို အကြောင်းမဲ့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးမှ စစ်အာဏာရှင်တော်လှန်ရေးကို လှည့်ပတ်တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီသည် လေထီးတပ်များကိုပါ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း စတင်သုံးလာသည်ကို တွေ့ရပြီး ဇန်နဝါရီလ (၁၉) ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းသို့ ဆင်းသည့် လေထီးတပ်သား ၁၂ ဦးအနက် ၁ ဦး လေထီးမပွင့်ဘဲ ချောက်ထဲပြုတ်ကျသွားခဲ့သည်။
#TachileikNewsAgency