ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်အခြေစိုက်တပ်ရင်းတစ်ခုမှ တပ်ကြပ်တစ်ဦးသည် အာဏာသိမ်းစစ်တပ်က အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုနှင့် စစ်ရှောင်စခန်းမရှောင် ဗုံးကြဲနေမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖရူဆို PDF)ထံ လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာကြောင်း သိရသည်။
သေနတ်(၁) လက်၊ ကျည် (၁၀၁) တောင့်၊ ကျည်အိမ် (၄) ခု၊ လက်ပစ်ဗုံး (၃) လုံးဖြင့် CDM ဝင်ရောက်လာသည့် အဆိုပါ တပ်ကြပ်ကို ဖရူဆို PDF က ဆုကြေးငွေများချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။
အဆိုပါ တပ်ကြပ်သည် အာဏာသိမ်းစစ်ကောင်စီတပ်က မူဆိုကျေးရွာအနီး စစ်ရှောင်ပြည်သူအချို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့်ကိစ္စ၊ ရီခီးဘူး စစ်ရှောင်စခန်းကို လေယာဉ်နှင့် ဗုံးကြဲသတ်ဖြတ်ခဲ့သည့် ကိစ္စများနှင့် မတရားသည့်လုပ်ရပ်များကြောင့် စိတ်နာသဖြင့် စစ်အာဏာရှင်အား ပြန်လည်တိုက်ခိုက်တော်လှန်လို၍ CDM ပြုလုပ်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရေးတွင် ပါဝင်လိုကြောင်း ပြောကြားထားသည်ဟု သိရသည်။