ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ဆင်နေမှုကြောင့် (၂၀,၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း United Nations OCHA Myanmar က ယနေ့ဇန်နဝါရီလ(၁၉)ရက်တွင် သတင်းထုတ်ပြန်လာသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်တွင် ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ လူဦးရေ ထက်ဝက်ကျော်မှာ ရပ်ရွာစင်တာ၊ ဘာသာရေး အဆောက်အအုံများတွင် ယာယီ နေထိုင်ကြရပြီး တချို့မှာ နီးစပ်ရာ တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
လူဦးရေ(၅,၀၀၀)ဝန်းကျင်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သို တိမ်းရှောင်ခဲ့ရပြီး လူ(၁,၀၀၀)ဝန်းကျင်မှာ ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်အတွင်းသို့ ထွက်ပြေးခဲ့ကြရသည်ဟု ထုတ်ပြန်သည်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ မေလကတည်းက ကရင်နီ(ကယား)ပြည်နယ်တွင် အိမ်အလုံးပေါင်း(၆၅၀)ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအပါအဝင် အရပ်သားပိုင်ဆိုင်သည့် အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်တွင်လည်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ် ကတည်းက လူဦးရေ(၂၂,၀၀၀)ကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ထည့်သွင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ ကိန်းဂဏန်းများအရ အရှေ့တောင်ပိုင်းတွင် (၂၀၀,၄၀၀)ဦး (၅၃ ရာခိုင်နှုန်း)နှင့် အနောက်မြောက်ပိုင်းတွင် (၁၅၇,၅၀၀) ဦး (၄၁ ရာခိုင်နှုန်း) အပါအဝင် လူဦးရေ (၃၇၇,၈၀၀ ဝန်းကျင်သည် တိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရသည်ဟု ထုတ်ပြန်ထားသည်။
လူဦးရေ (၂,၈၀၀)ဝန်းကျင်မှာ ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်းများသို့ ထွက်ပြေးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency