အရာတော်မြို့နယ်အတွင်း ကြာပင်လှအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် အာဏာသိမ်းစစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်အလောင်းများကို မကောက်ယူသေး

ကြာပင်လှကျေးရွာ တည်နေရာ
ကြာပင်လှကျေးရွာ တည်နေရာ
အရာတော်မြို့နယ်အတွင်း ကြာပင်လှအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် အာဏာသိမ်းစစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်အလောင်းများကို မကောက်ယူသေး
ဇန်နဝါရီ 13, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ အရာတော်မြောက်နယ်၊ ကြာပင်လှကျေးရွာအနီးတွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်းက  ARA မြောက်ပိုင်းတပ်ဖွဲ့၏  မိုင်းဆွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့်အလောင်းများကို အာဏာသိမ်း စစ်ကောင်စီ၏ ခြေလျင်တပ်ဖွဲ့က မကောက်ယူသေးကြောင်း သိရသည်။

အရာတော်မြောက်နယ်မှ ကျေးရွာများကို ဝင်ရောက်မွှေနှောက်ရှာဖွေနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်က ငြိမ်းစံရွာမှ ကြာပင်လှရွာဘက်သို့ အသွားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း လူများမြောက်တက်သွားသည်ကို တွေ့လိုက်ရပြီး မည်မျှသေဆုံးသည်ကို အတိအကျ မသိရသေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် လျှပ်စီးမိုးကြိုးမုန်တိုင်း ARA မြောက်ပိုင်းက ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များသည် တိုက်ပွဲများအတွင်း သေဆုံးရသည့် မိမိတို့တပ်ဖွဲ့ဝင်များ၏ အလောင်းများကို ကောက်ယူနိုင်ခြင်းမရှိသည်များလည်းရှိနေရာ အချို့တပ်မိသားစုဝင်များသည် မိမိတို့ မိသားစုဝင်၏ အလောင်းကို ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဖြစ်နေရာမှ ဒေသကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်အကူအညီတောင်းရန် ကြိုးစားမှုများလည်းရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်နေရာများမှ ဖမ်းဆီးရမိသူများကိုပင် သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပြီး စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ဖမ်းမိသည့် သုံ့ပန်းများကို လူ့အခွင့်အရေးနှင့်အညီ ထိန်းသိမ်းခြင်း၊ အာဏာသိမ်းတပ်ဘက်မှ ကျန်ရှိရုပ်အလောင်းများအား လူ့အခွင့်အရေးနှင့်အညီ မီးရှို့သဂြိုလ်ပေးခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရသည်။