အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံစီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်များကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ရောင်းဝယ်ဖောက်ကားသယ်ယူပို့ဆောင်ခြင်းမပြုရန် KIO ၏ မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးရုံးက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်၏ အကျိုးတူလုပ်ငန်းဖြစ်သည့် Myanmar Beer၊ Dagon Beer နှင့် ABC Beer Company များမှ ထုတ်ကုန်များကို မြစ်ကြီးနားခရိုင်အတွင်း သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖေါက်ကားခြင်းများကို ဇန်နဝါရီလ (၁၀) ရက်နေ့ နောက်ဆုံးထား၍ မပြုလုပ်ကြရန် တားမြစ်လိုက်သည်။
နောက်ဆုံးသတိပေးရက်ကျော်လွန်ပါက အဆိုပါထုတ်ကုန်များကို ခရိုင်အတွင်း လမ်းများတွင် သယ်ယူပို့ဆောင်ခြင်း ပြုလုပ်သည့် ကား၊ ဆိုင်ကယ် ယာဉ်မျိုးစုံအား အရေးယူပိတ်ပင်ခြင်း၊ ရောင်းဝယ်ဖေါက်ကားသည့် ဆိုင်များကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်မည်ဟု သတိပေးထားသည်။
အာဏာသိမ်းအဖွဲ့က စစ်တပ်နှင့် လက်နက်အင်အားသုံး၍ နိုင်ငံ့အာဏာသိမ်းကာ အကြမ်းဖက်နှိမ်နှင်းမှုများလုပ်လာ၍ စစ်တပ်ပိုင်လုပ်ငန်းများ၊ ၎င်းတို့နှင့် အကျိုးတူဆက်စပ်လုပ်ငန်းများကို ပြည်သူများက မဝယ်မသုံးသည့် Boycott ပြုလုပ်လာကြခြင်းဖြစ်သည်။
#TachileikNewsAgency