KNU နယ်မြေကို နယ်ကျော်တိုက်နေသည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက် ပေါက်ကွဲ

KNU နယ်မြေကို နယ်ကျော်တိုက်နေသည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက် ပေါက်ကွဲ
ဒီဇင်ဘာ 16, 2021 | အခြားဒေသများ

ကရင်ပြည်နယ်အတွင်း KNU နယ်မြေကို နယ်ကျော်တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်များ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့က ထိုင်းနိုင်ငံဘက်ခြမ်း ကားလမ်းဘက် ကျရောက်ပေါက်ကွဲ၍ မြန်မာစစ်ရှောင်သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်ဒဏ်ရာရသွားကာ လမ်းမပေါ်မှ ထိုင်းကားများ ဖြစ်စဉ်နေရာမှ လှည့်ပြန်သွားကြရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက အမြောက်ကုန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်း စစ်ဘေးရှောင်များအနီး ကျရောက်ပေါက်ကွဲရာ စစ်ဘေးရှောင်မြန်မာနိုင်ငံသားတစ်ဦး လက်တစ်ဖက်ဒဏ်ရာပြင်းထန်စွာရခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ဆေးဝါးကုသပေးနေပါတယ်။

ဟု မြန်မာစစ်ရှောင်များကို ကူညီပေးနေသည့် AAC ဦးရဲမင်းထံမှ သိရသည်။

လက်ရှိအချိန်ထိ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံဘက်တွင် စစ်ဘေးရှောင်လာရသူ ထောင်နှင့်ချီ၍ရှိနေပြီး ထိုင်းစစ်တပ်အပါအဝင် ထိုင်းနိုင်ငံမှ အခြားဌာနများ ပူးပေါင်းပါဝင်သည့်အဖွဲ့က နယ်စပ်တလျှောက် မြန်မာစစ်ရှောင်များ လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရေးဆောင်ရွက်ပေးနေပြီး စစ်ရှောင်များ၏ စားသောက်ရေးအတွက် မဲဆောက်မြို့နယ် ဥက္ကဌတာဝန်ပေးထားသော မဲဆောက်မှ စေတနာရှင်များဖြင့် လက်တွဲ၍ AAC အဖွဲ့ကလည်း အသင့်စားအကြော်အလှော်များ၊ ရိက္ခာများပေးပို့ထားသည်ဟု သိရသည်။

"ထွက်ပြေးသူ ပြည်သူ ရွာသားတွေကို ထိုင်းဖက်ကမ်းအထိ လှမ်းပစ်တဲ့ သူတို့ရဲ့ ယုတ်ညံ့မှုကို မျက်မြင်တွေ့ရတော့ ရွံမုန်းတာထက်ပိုတဲ့စကား ရှာမရတော့ဘူး။ ထိုင်းဖက်က စစ်သားတွေက ပြန်ကာကွယ်ပေးရချိန် မျက်ရည်ကထိန်းမရခဲ့ဘူး။"ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့က လေးကေ့ကော်မြို့တွင် အာဏာသိမ်းတပ်၏ နယ်မြေကျော်တိုက်ခိုက်မှုမှ စတင်သည့် တိုက်ပွဲများသည် ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်၊စောင်၊ ခြင်ထောင် အဝတ်အထည်လှူချင်သူများ AAC ရုံးခန်းနှင့် AAC ဂေဟာသို့ ဆက်သွယ်ပေးပို့ လှူဒါန်းနိုင်ကြကြောင်း သိရသည်။

ဆက်စပ်သတင်း

KNU ဒေသအတွင်း အာဏာသိမ်းတပ်၏ နယ်ကျော်တိုက်ခိုက်မှုကြောင့် ထွက်ပြေးရသည့် စစ်ဘေးရှောင်များကို ထိုင်းနိုင်ငံက ကူညီ