အာဏာသိမ်းအဖွဲ့က ၎င်းတို့အား ထောက်ခံသူများကို လက်နက်တပ်ဆင်ပြီး ပျူစောထီးအဖွဲ့များ ဖွဲ့စည်းခြင်းကို ငြင်းဆိုထားသော်လည်း စစ်ကိုင်းတိုင်းအတွင်း စစ်ရဟတ်ယာဉ်ဖြင့် ဖြန့်ကြဲချထားသည့် ဝါဒဖြန့်စာများတွင် တိုင်းအတွင်း တိုက်ခိုက်ရေးလေ့ကျင့်ပေးထားသည့် ပြည်သူ့စစ် (၃၀၀၀) ကျော်ရှိသည်ဟု ခြိမ်းခြောက်ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။
နိုင်ငံ့ဘတ်ဂျက်ဖြင့် ရပ်တည်ပြီး နိုင်ငံအာဏာသိမ်းထားသည့် စစ်တပ်က ၎င်းတို့အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများအား လက်ရှိတပ်အင်အား၊ လက်နက်အင်အားဖြင့် တိုက်ခိုက်နေသည့်အပြင် စစ်မှုထမ်းဟောင်းများအပါအဝင် အရပ်သားများကို လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များဖြင့်ပါ တိုက်ခိုက်နှိမ်နှင်းနေခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်သည် အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များရှိသည့်ဒေသများတွင် ပြည်သူ့စစ်အဖွဲ့များအား ယခင်ကတည်းက ဖွဲ့စည်း၍ အသုံးပြုနေပြီး အာဏာသိမ်းပြီးကာလတွင် ယခင်ပြည်သူ့စစ်မရှိသည့်ဒေသများတွင်ပါ ပြည်သူ့စစ်ကဲ့သို့ ပျူစောထီးအဖွဲ့များ ဖွဲ့လာသည်ကို တွေ့လာရခြင်းဖြစ်သည်။
ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများလုပ်နေသည့် အာဏာသိမ်းအဖွဲ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့များရှိသည့်ကျေးရွာများကို ဖျက်ဆီးမည်ဟုပါ ဝါဒဖြန့်စာတွင် ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။
အာဏာသိမ်းပြီး (၁၀)လကျော်ကြာသည်အထိ ပြည်သူ့ဆန့်ကျင်မှုနှင့်ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့က နိုင်ငံတဝန်းမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအား ရက်စက်စွာနှိမ်နှင်းမှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေဆဲဖြစ်သည်။
ဆက်စပ်သတင်း