ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ KNU တပ်မဟာ (၆)နယ်မြေဖြစ်သည့် လေးကေကော်မြို့ကို ယမန်နေ့ကတည်းက အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားရာဂဏန်းဖြင့် ခွင့်ပြုချက်မရှိ နယ်ကျော်ဝင်လာပြီး လူနေအိမ်များအား ရှာဖွေခြင်းများလုပ်နေ၍ စစ်ရေးအခြေအနေ တင်းမာနေပြီး ဒေသခံများတိမ်းရှောင်နေကြရကြောင်း သိရသည်။
သူတို့က နယ်ကျော်လာတယ်။ အင်အားက (၂၀၀) လောက်ရှိတယ်။ လေးကော်အပြင်မှာ အင်အားနဲ့တပ်စွဲထားပြီး နယ်ကျော်ဝင်ရှာနေတာ။ လေးကော်ထဲကို သူတို့ဝင်လို့မရဘူး။ KNU နယ်မြေဆိုတော့ ဝင်ချင်တယ်ဆို တစ်ယောက်၊ နှစ်ယောက်နဲ့ဝင်လာဖို့ KNU ဘက်ကို ခွင့်တောင်းရတယ်။ ခွင့်မပြုရင် သူတို့ပြန်ဆုတ်ပေါ့။ အခုက ခွင့်လည်းမတောင်းဘူး ရာနဲ့ချီဝင်လာတာက စစ်ရေးပုံစံဖြစ်နေတော့ ဒေသခံတွေလည်းကြောက်ကုန်တယ်။ ရှောင်တဲ့သူ ရှောင်နေရပြီ။ သူတို့က အိမ်တွေကို ဓါတ်ပုံရိုက်၊ မှတ်တမ်းယူတွေလုပ်တာ။ PDF တွေ၊ တိမ်းရှောင်နေသူတွေရှိတယ် ထင်ပြီး လာရှာတာလို့ ကြားတယ်။ အရင်ကလည်း CDM ရဲဒလန်ကြောင့် လာရှာဖူးသေးတယ်
ဟု လေးကော်ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
ယနေ့ နံနက် (၈)နာရီဝန်းကျင်တွင် အာဏာသိမ်းအဖွဲ့၏ အမှတ်(၅၆၀)ခြေမြန်တပ်ရင်း က အင်အား (၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းလေးကြောင်းခွဲဝင်ရှာနေခြင်းဖြစ်ပြီး ဖမ်းဆီးမှုအချို့ရှိကာ နေ့လယ်ပိုင်းအချိန်တွင် ရပ်ကွက် (၆)နှင့် ရပ်ကွက် (၂) ကို ရှာဖွေနေဆဲ ဖြစ်ကြောင်း နှင့် ဖုန်းနှင့်အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ခံထားရကြောင်း သိရသည်။
KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၏ တာဝန်ရှိသူများနှင့် အာဏာသိမ်းတပ်စစ်ကြောင်း တာဝန်ရှိသူတို့ ယနေ့တွင် ဆွေးနွေးနေကြသည်ဟု သတင်းများထွက်နေသော်လည်း အသေးစိတ်မသိရသေးပါ။
အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ လေးကေကော်မြို့သစ်အတွင်း ယခုကဲ့သို့မဝင်မီက ဒရုန်းများ ကင်းထောက်ပျံသန်းမှုကို လုပ်ဆောင်ခဲ့သည်ဟုလည်း ဒေသခံများထံကသိရပြီး အာဏာသိမ်းတပ်က လေးကေးကော်နှင့်အနီးဝန်းကျင်၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဝင်ရှာမှုကို အနည်းဆုံး (၇) ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။