အရာတော်မြို့နယ် ကဲဘာကျေးရွာတွင် ဒေသခံများ ထွက်ပြေးနေချိန် ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနှင့် လူနေအိမ်များကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွား

အရာတော်မြို့နယ် ကဲဘာကျေးရွာတွင် ဒေသခံများ ထွက်ပြေးနေချိန် ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနှင့် လူနေအိမ်များကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွား
ဒီဇင်ဘာ 13, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအုပ်စုအတွင်းရှိ ကဲဘာကျေးရွာကို  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင်  အာဏာသိမ်းစစ်တပ်နှင့် ဒေသခံပျူစောထီးပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ရွာသားများထွက်ပြေးရစဉ် ရွာတွင်း မီးရှို့ဖျက်ဆီးလိုက်ကြကြောင်း သိရသည်။

အာဏာသိမ်းစစ်နှင့်အဖွဲ့သည် ကျေးရွာတွင်း မီးရှို့ဖျက်ဆီးပြီး ထွက်ခွာသွားကြသဖြင့် ဒေသခံများ ရွာတွင်းပြန်ဝင်လာပြီး မီးလောင်နေသည့် နေအိမ်များကို ဝိုင်းဝန်းငြှိမ်းသတ်ကြရာ ညနေ (၃)နာရီဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း  အိမ်ခြေ (၄၀)မှ (၁၀၀)ကြား မီးလောင်ဆုံးရှုံးဖွယ်ရှိကြောင်း သိရသည်။

အာဏာသိမ်းတပ်နှင့်အဖွဲ့က ကဲဘာရွာမှ ဆိုင်ကယ် (၁၀) စီးနှင့် စက်ပစ္စည်းများကို မီးရှို့ကာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများကိုလည်း ဖျက်ဆီး၍ ပစ္စည်းများယူသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က နံနက် (၇)နာရီဝန်းကျင်တွင် လက်နက်ကြီးများပစ်၍ ရွာတွင်းဝင်လာခဲ့ကြပြီး သေနတ်များပစ်ဖေါက်၊ ဘာသာရေးအဆောက်အဦအပါအဝင်နေအိမ်များကို မီးရှို့ကြကြောင်း သိရသည်။

ကဲဘာကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ (၉) ရက်နေ့ကလည်း လက်နက်ကြီးများ ပစ်ခတ်၍ ဘုန်းတော်ကြီးကျောင်းများအပါအဝင် နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း သိရသည်၊