NUG ၏ ငွေတိုက်စာချုပ်ရောင်းချမှုကို ယာယီရပ်ဆိုင်းမည်

NUG ၏ ငွေတိုက်စာချုပ်ရောင်းချမှုကို ယာယီရပ်ဆိုင်းမည်
ဒီဇင်ဘာ 6, 2021

 အမျိုးသားညီညွတ်ရေးအစိုးရ၏ ငွေတိုက်စာချုပ်ရောင်းချမှုကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး စတင်ရောင်းချမည့်နေ့ကို ထပ်မံထုတ်ပြန်ပေးမည်ဟု  NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ငွေတိုက်စာချုပ်များဝယ်ယူသည့် ငွေလွှဲများတွင် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းခံထားရသည့် အာဏာသိမ်း စစ်ကောင်စီဝင်များနှင့် နာမည်တူနေသူများပါနေ၍ အဆိုပါကိစ္စများကို ညှိနှိုင်းဖြေရှင်းနေစဉ် ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း  https://www.unitedbonds-nug.org မှတစ်ဆင့် အသိပေးထားသည်။

လက်ရှိတွင် ပုံစံ(က)ဖြည့်သွင်းပြီး order ID ရယူထားပြီးသူများအနေဖြင့် ချက်သမ္မတနိုင်ငံဘဏ်သို့ ငွေလွှဲပြောင်းခြင်း၊ ပုံစံ (က) ရယူပြီးငွေလွှဲပြီးသူများအနေဖြင့် ပုံစံ (ခ) ဆက်လက်ဖြည့်ခြင်းနှင့် ပုံစံ (ခ) ဖြည့်ပြီးသူများကို ငွေတိုက်စာချုပ် ပြန်ထုတ်ပေးခြင်းများကို ဆက်လက်လုပ်ဆောင်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းပြီး အာဏာသိမ်းမှုလက်မခံသည့်ပြည်သူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းအဖွဲ့အား ပြည်သူ့ခုခံတော်လှန်စစ်ဖြင့် တွန်းလှန်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက အတိုးမဲ့ နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များကို နိုဝင်ဘာလ (၂၂)ရက်နေ့ကတည်းက စတင်ရောင်းချပေးနေခြင်းဖြစ်သည်။