မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှ CDM ကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်သဲစုနိုင်နှင့် ဖခင်ဖြစ်သူတို့ကို အာဏာသိမ်းအဖွဲ့က ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ ညနေ (၅)နာရီအချိန်၌ သေနတ်ပစ်ဖေါက် ခြိမ်းခြောက် ဖမ်းဆီးသွားကြောင်း သိရသည်။
ဒီနေ့ ဖမ်းသွားတာ။ ၂၀၂၀ ကမှ အလုပ်ဝင်တာ။ အထက(ခွဲ)အုတ်တွင်းက မူလတန်းပြ ဆရာမပါ
ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။
ဆရာမ ဒေါ်သဲစုနိုင်၏နေအိမ်ကို လာရောက်ရှာဖွေဖမ်းဆီးသည့် အာဏာသိမ်းတပ်က နေအိမ်ရှိ ဖုန်းများအားလုံးကို သိမ်းယူသွားသည့်အပြင် ဖခင်ဖြစ်သူကိုပါ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခင်က မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ဆရာမ ဒေါ်သဲစုနိုင်သည် ၂၀၂၀ ခုနှစ်တွင် ပညာရေးဌာန၌ မူလတန်းပြအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်း CDM လုပ်ထားသဖြင့် တိမ်းရှောင်နေရာမှ နေအိမ်သို့ပြန်လာစဉ် ဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းအဖွဲ့က ဆရာမ ဒေါ်သဲစုနိုင်အား PDF ခေါင်းဆောင်ဟု စွပ်စွဲထားသည့်အပြင် အဆိုပါ ကျောင်းဆရာမ သားအဖနှစ်ဦးအား မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးသဖြင့် လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေရှိနေသည်ဟု မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)က သတင်းထုတ်ပြန်ထားသည်။