ပြည်သူများထဲက ပေါက်ဖွားလာသည့် PDF Zoland အနေဖြင့် စာသင်ကျောင်းများအား ဖေါက်ခွဲမှု လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် PDF ကို အများပြည်သူအမြင်လွဲစေရန် အာဏာသိမ်းအဖွဲ့၏ ပုံမှားရိုက်လုပ်ဆောင်မှုများကို သတိထားကြရန် PDF Zoland က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့က ကြေညာထားသည်။
"ယခုအခါ မတရားသဖြင့် အာဏာလုယူထားသော စစ်ကောင်စီသည် Non-CDM ဆရာ/မများနှင့်အတူလက်တွဲကာ အခြေခံပညာကျောင်းများ အတင်းအဓမ္မပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုးပမ်းလျှက်ရှိသည်။ ထိုသို့ ကြိုးပမ်းမှုအား ပြည်သူ့သစ္စာဖောက် Non-CDM ဆရာ/မများမှ အကူညီအပြည့်၀ပေး လိုက်နာကာ နေရာတချို့တွင် စာသင်ကျောင်းများ ဖွင့်လှစ်ထားသည်ကို ဝမ်းနည်းစွာ သိရှိရပါသည်။ ထိုသစ္စာဖောက်များဖွင့်ထားသော ကျောင်းများအားအသုံးပြု၍ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်နေသော စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပြည်သူများအကြား ယုံကြည်မှုပျက်ပြားပြီး သွေးခွဲရန် ယုတ်မာသော အကြံစည်တို့ဖြင့် ပုံမှားရိုက် နာမည်ဖျက်မှုများ မလွဲမသွေလုပ်ဆောင်လာနိုင်သည်။"ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်ကို တွေ့ရသည်။
အာဏာသိမ်းအဖွဲ့သည် အာဏာသိမ်းပြီး (၉)လကျော်လာသည်အထိ လူထုဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ရာ အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်ဝင်ရန် ကြိုးပမ်းမှုအဖြစ် အခြေခံပညာကျောင်းများအား ပြန်ဖွင့်နေခြင်းဖြစ်သည်။
PDF-Zoland အနေဖြင့် ပြည်သူများ၏ အသက်၊အိုးစည်းစိမ်များ ထိခိုက်ပျက်စီးရန် လုပ်ဆောင်မည်မဟုတ်ကြောင်းကို အတိအလင်းကြေညာထားသည်ကို တွေ့ရသည်။
စစ်အာဏာရှင်တော်လှန်နေသည့် ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်သူ့အကျိုးစီးပွားနှင့် အသက်လုံခြုံမှုကို ထိပါးစေမည့် စစ်ရေးလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန်နှင့် ကာကွယ်ရေးရန်ပုံငွအလို့ငှာ ဆက်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများကို လုံးဝမပြုလုပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း လမ်းညွှန်ချက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။