အာဏာသိမ်းစစ်တပ်၏ လူမဆန်အောင် ရက်စက်လှသည့်လုပ်ရပ်များအား တွန်းလှန်နေသူများ အနေဖြင့် အပြုအမူ၊ လုပ်ရပ်၊ ပြောဆိုရေးသားမှုများတွင် ကလေးသူငယ်နှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူများကို ထိခိုက်ခြင်းမရှိစေရန်နှင့် တရားမဲ့လုပ်ရပ်များ မဖြစ်စေရေး သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးက သတိပေးတိုက်တွန်းထားသည်။
နာကျည်းမှုတွေနဲ့ ဒေါသကို ရှေ့တန်းတင်မိတဲ့အခါမှာ အစွန်းရောက်သွားတတ်ပြီး မဖြစ်သင့်တာတွေ ဖြစ်သွားတတ်ပါတယ်။ အာဏာရှင်ကို တွန်းလှန်ရင်း အာဏာရှင်အတိုင်း ကျင့်ကြံသလို ဖြစ်သွားတတ်ပါတယ်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း တရားလက်လွတ် လုပ်ရပ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့သူတွေအားလုံး နာကျည်းမှုကို အခြေခံတဲ့ လက်စားချေမှုတွေ၊ တရားမဲ့လုပ်ရပ်တွေမပေါ်ပေါက်လာအောင် သတိပြုကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းသတိပေးထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များမှာ ရက်စက်ယုတ်မာလွန်းသဖြင့် နာကျည်းနေကြသည့် ပြည်သူများက နေရာကဏ္ဠအသီးသီးမှ တွန်းလှန်နေကြခြင်းသည် လူ့အခွင့်အရေးထွန်းကားရေးအတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်းကိုလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ထပ်လောင်း သတိပေးထားသည်။
စစ်တပ်ရဲ့ လုပ်ရပ်တွေက လူမဆန်အောင် ရက်စက်ယုတ်မာလွန်းလှပါတယ်။ ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေဆီကနေ သတင်းပို့လာတိုင်း ကြေကွဲမိပါတယ်။ ကိုယ်တိုင်ကြားရ မြင်ရ ရင်ဆိုင်ခဲ့ရတဲ့သူတွေဆိုရင် ဘယ်လောက်အထိ နာကျည်းနေမလဲဆိုတာ တွေးမိပါတယ်။ ဒါကြောင့် ကျနော်တို့တွေဟာ စစ်တပ်ရဲ့ မတရားတဲ့ ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုတွေကို နည်းပေါင်းစုံနဲ့ တွန်းလှန်နေကြတာဖြစ်ပါတယ်။ အမှန်တရားအတွက် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် လူ့အခွင့်အရေးထွန်းကားရေးအတွက် တောင်းဆိုနေကြတာဖြစ်ပါတယ်။နာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းလဲပြီး နေရာကဏ္ဠအသီးသီးကနေ တတ်နိုင်သမျှအားနဲ့ တွန်းလှန်နေကြတာဟာ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်တိုက်ပွဲဝင်တဲ့ တရားသောတိုက်ပွဲဖြစ်ပါတယ်။
ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ဆိုသည်။
အာဏာသိမ်းပြီး အကြမ်းဖက်နှိမ်နှင်းမှုများ ရက်စက်စွာလုပ်ဆောင်နေသည့် အာဏာသိမ်းအဖွဲ့အား လက်နက်ကိုင် တော်လှန်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်သည်ဆိုင်ရာကျင့်ဝတ်များကို ချမှတ်ပေးထားကာ လိုက်နာကျင့်သုံးစေပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း လူ့အခွင့်အရေးအား အလေးထားကြရန် တိုက်တွန်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။