အာဏာသိမ်းအဖွဲ့က NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ် (၂၀)ချမှတ်

အာဏာသိမ်းအဖွဲ့က NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို ထောင်ဒဏ် အနှစ် (၂၀)ချမှတ်
အောက်တိုဘာ 29, 2021 | အခြားဒေသများ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD )  ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်ကို နေပြည်တော်တရားရုံးက ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထောင်ဒဏ် နှစ် (၂၀)ချမှတ်လိုက်ကြောင်း NLD အသိုင်းအဝိုင်းမှ သိရသည်။

နေပြည်တော်တရားရုံးက ပုဒ်မ ၁၂၄  (က) နိုင်ငံတော်ပုန်ကန်မှုဖြင့် ယနေ့အမိန့်ချပြီး မန္တလေး အိုးဘိုထောင်သို့ ချက်ချင်းပို့ဆောင်မည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ သဘာပတိအဖွဲ့ဝင်ဖြစ်သည့် အသက် (၈၀)အရွယ် ဦးဝင်းထိန်ကို အာဏာသိမ်းအဖွဲ့က ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပနေအိမ်မှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး နေပြည်တော်တရားရုံးက အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုနှင့်ပတ်သက်၍ မီဒီယာများသို့ ဖြေကြားမှုနှင့်ပတ်သက်၍ ဦးဝင်းထိန်အား ဖမ်းဆီးတရားစွဲခြင်းဖြစ်သည်ဟု အာဏာသိမ်းအဖွဲ့က ဆိုထားသည်။

အာဏာသိမ်းအဖွဲ့သည် နိုင်ငံ့ခေါင်းဆောင်များ၊ NLD ပါတီခေါင်းဆောင်များအပါအဝင် လူပေါင်းများစွာကို အာဏာသိမ်းမှုအား ဆန့်ကျင်မှုနှင့်ပတ်သက်၍ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးနေခြင်းဖြစ်သည်။