နိုင်ငံတကာနှင့် အာဆီယံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုရေး ဆက်လက်ဆောင်ရွက်ရန် ကုလမြန်မာသံအမတ်ကြီး တိုက်တွန်း

နိုင်ငံတကာနှင့် အာဆီယံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုရေး ဆက်လက်ဆောင်ရွက်ရန် ကုလမြန်မာသံအမတ်ကြီး တိုက်တွန်း
အောက်တိုဘာ 28, 2021

လူထုဆန္ဒကို မျက်ကွယ်ပြု၍ နိုင်ငံ့အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီအား အသိအမှတ်မပြုရေးကို နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဆက်လက်ဆောင်ရွက်ကြရန်နှင့် အလွန်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖေါက်နေသော မြန်မာစစ်တပ်ကို အရေးယူမှုများ ပြုလုပ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထားသည်။

အီတလီနိုင်ငံ၊ ရောမမြို့တွင် မကြာမီကျင်းပမည့် G 20 အစည်းအဝေးနှင့် ဆက်စပ်၍ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကျင်းပသည့် ဆွေးနွေးပွဲတက်ရောက်သည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယင်းကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိကျင်းပနေသည့် အာဆီယံအစည်းအဝေးများတွင် တက်ခွင့်မပေးခြင်းနှင့် UN -ASEAN အစည်းအဝေးအား ရွှေ့ဆိုင်းခဲ့ခြင်းသည် အာဏာသိမ်းစစ်ကောင်စီအား ဖိအားပေးရာ၌ ထိရောက်သည့်သာဓကများဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြပြောဆိုလိုက်ပြီး နိုင်ငံတကာအသိုင်းအဝန်းနှင့် အာဆီယံအနေဖြင့် မြန်မာစစ်တပ်အား အရေးယူမှုများ ပြုလုပ်ရန်နှင့် စစ်တပ်အကျိုးစီးပွားကို အထောက်အကူပြုနေသည့် ငွေကြေးစီးဆင်းမှုရပ်တန့်ရေးတို့ကို တိုက်တွန်းထားကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဇော်ဝေစိုးနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်တို့လည်း တက်ရောက်ကြပြီး အီတလီ ဆီးနိတ်အဖွဲ့ဝင်၊ အငြိမ်းစား အီတလီကျန်းမာရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့လည်း တက်ရောက်ကြကြောင်း သိရသည်