ထီးချိုင့်မြို့နယ်အတွင်း ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ ညဘက်သွားလာမှု မပြုလုပ်ရန် PDF က အသိပေး

Photo: ထီးချိုင့် PDF
Photo: ထီးချိုင့် PDF
 ထီးချိုင့်မြို့နယ်အတွင်း ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ ညဘက်သွားလာမှု မပြုလုပ်ရန် PDF က အသိပေး
အောက်တိုဘာ 5, 2021
By Tachileik News Agency

 စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့် - အင်းတော်လမ်း၊ ဆားတွင်းရွာ နှင့် အလယ်တော်ရွာကြားတွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က အချိန်လွန် ခရီးသည်တင်ယာဉ်တစ်စီးအား စစ်ဆေးရန်အတွက် လက်ပြတားဆီးရာ စစ်ဆေးမှု မခံဘဲ မောင်းပြေးသွားသည့်အတွက် PDF ပြောက်ကျားအဖွဲ့ ဘောက်ကုန်ဆွဲ ပစ်ခတ်ခဲ့ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ(၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးကာလအတွင်း မလိုအပ်ဘဲ ခရီးမထွက်ကြရန် နှင့် မဖြစ်မနေ ခရီးသွားမည်ဆိုပါကလည်း နေ့ဘက်ပိုင်းတွင်သာ သွားလာကြရန်အပြင် ည(၉)နာရီမှ နံနက် (၄)နာရီအတွင်း ယာဉ်အသွားအလာများ မပြုလုပ်ရန်လည်း အသိပေးတိုက်တွန်းထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာဏာသိမ်းစစ်တပ်က အိမ်စီးကားများ၊ ခရီးသည်တင်ယာဉ်များဖြင့် ရိက္ခာပို့ဆောင်မှုများ၊ စစ်လက်နက်ခဲယမ်းပို့ဆောင်မှုများ ပြုလုပ်နေသည့်အတွက် PDF ဘက်က ပြည်သူများအနေဖြင့် ခရီးသွားလာမှုကို နေ့ပိုင်းတွင်သာ သွားလာကြရန် ကို ဒေသခံ PDF များက အသိပေးထားရှိသည်။