ပုလဲမြို့နယ်အတွင်း ကိုးလောင်းပြိုင်အကွေ့တွင် အာဏာသိမ်းစစ်တပ်၏ ယာဉ်အစီး(၈၀)ကျော်ပါသည့် ယာဉ်တန်းကို မိုင်း(၂၇)လုံးဖြင့် PDF က ဖောက်ခွဲတိုက်ခိုက်

 ပုလဲမြို့နယ်အတွင်း ကိုးလောင်းပြိုင်အကွေ့တွင် အာဏာသိမ်းစစ်တပ်၏ ယာဉ်အစီး(၈၀)ကျော်ပါသည့် ယာဉ်တန်းကို မိုင်း(၂၇)လုံးဖြင့် PDF က ဖောက်ခွဲတိုက်ခိုက်
အောက်တိုဘာ 4, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်း ကိုးလောင်းပြိုင်အကွေ့တွင် အာဏာသိမ်းစစ်တပ်၏ အမြောက်ကားများ အပါအဝင် ယာဉ် အစီး(၈၀)ကျော်ကို မိုင်း(၂၇)လုံး ဖောက်ခွဲလိုက်ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာသည်။

ပုလဲမြို့နယ်အတွင်း ကန့်ဒေါင့်ကျေးရွာ၏အနောက်ဖက် ပိတောက်ကုန်းလမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ (ခေါ်) ကိုးလောင်းပြိုင်အကွေ့တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့တွင် ဗိုလ်နဂါးဦးဆောင်သည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း(၂၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အာဏာသိမ်းအဖွဲ့၏ ယာဉ်တန်းထဲက ယာဉ်(၅)စီး ပျက်စီးခဲ့သလို သေဆုံးသူနှင့် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းမှာ အဆိုပါ နေရာမှ ဆက်လက် မထွက်ခွာနိုင်သေးဘဲ နဂါးမတောင်ပေါ်တွင် ရပ်တန့်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

 ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ(၃)ရက်နေ့ကလည်း အမြောက်ကား (၂)စီးပါသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူ များပြားခဲ့ကြောင်းလည်း သိရသည်။