ဝက်လက်မြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးပြီး အိမ်တွင်းပစ္စည်းများ ခိုးဝှက်သယ်ယူ 

ဝက်လက်မြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးပြီး အိမ်တွင်းပစ္စည်းများ ခိုးဝှက်သယ်ယူ 
အောက်တိုဘာ 4, 2021
By Tachileik News Agency

 စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း မြင်းသည်ကျေးရွာအုပ်စု ရွှေဘုံသာကျေးရွာတွင် အာဏာသိမ်းအဖွဲ့၏ လက်ပါးစေ စစ်သားများက ဝင်ရောက်မွှေနှောက်ရှာဖွေကာ ပစ္စည်းများခိုးယူသယ်ဆောင်သွားပြီး နေအိမ်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့က ရွှေဘုံသာကျေးရွာရှိ  နေအိမ်အား အာဏာသိမ်းအဖွဲ့၏ လက်ပါးစေများက ဝင်ရောက်ရှာဖွေပြီး၊ ဆန်၊ဆီ နှင့် အိမ်တွင်းပစ္စည်းများကို ခိုးဝှက်ယူဆောင်သွားသလို နေအိမ်တစ်လုံးကိုလည်း ချိန်းဆော့ဖြင့် ဖြိုဖျက်သွားသည်ဟု ဝက်လက်မြို့နယ် PDF ၏ သတင်းမှန်ပြန်ကြားရေးမှ အောက်တိုဘာလ(၄)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

အလားတူပင် မြင်းသည်ရွာမြောက်ပိုင်းရှိ နေအိမ်တစ်လုံးတွင်လည်း ဝင်ရောက်မွှေနှောက်ကာ ရှာဖွေသွားသည်ဟု သိရသည်။

 

စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်ပါးစေများသည် မြင်းသည်ကျေးရွာအုပ်စုအပါအဝင် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် PDF များကို ရှာဖွေသည်ဟု အကြောင်းပြကာ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေပြီး ၎င်းတို့ သဘောကျသည့် ပစ္စည်းများကို ခိုးဝှက်သယ်ဆောင်သွားလေ့ရှိသည်ဟု ဒေသခံများထံက သိရသည်။