စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းနှင့်အနီးဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်နှင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ တိုက်ပွဲများအတွင်း ပြည်သူ့တော်လှန်ရေးရဲဘော် (၃၆) ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနီမြို့နယ်) PDF Kani က သတင်းထုတ်ပြန်ထားသည်။
"ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနှင့် ကြွေလွင့်သွားသော ပြည်သူ့ရဲဘော်များ၏ အာဇာနည်သူရဲကောင်း စိတ်ဓာတ်ကို အစဥ်အမြဲ ဦးညွတ်အလေးပြုရင်း စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရေးအတွက် မပြီးပြတ်သေးသော နွေဦးတော်လှန်ရေးအတွက် ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ "ဟု PDF Kani ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က စက်တင်ဘာလ (၂၉) ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်အုပ်စု ဆန်တတ်လာခဲ့သည့်အတွက် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ခုခံတော်လှန်စစ် (၄) ကြိမ်ဆင်နွှဲခဲ့ရာ ပြည်သူ့ရဲဘော်(၁)ဦးကျဆုံး ၊ (၁)ဦး ပြင်ထန်ဒဏ်ရာရရှိ ၊ (၅)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ကနီမြို့နယ်အတွင်းနှင့် ကနီမြို့နယ်စပ်ဒေသများ၌ ဧပြီလမှ ဇူလိုင်လအထိ အကြမ်းဖက်စစ်ကောင်စီ၏တပ်များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲ (၃၅)ခုတွင် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ခုခံတော်လှန်သည့် ပြည်သူ့ရဲဘော် (၃၅) ဦးကျဆုံးခဲ့ရာ ယမန်နေ့က ကျဆုံးသည့် ပြည်သူ့ရဲဘော် (၁) ဦးအပါအဝင် စုစုပေါင်း ပြည်သူ့ရဲဘော် (၃၆) ဦး ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။