မုံရွာမြို့မှ လက်နက်အပြည့်အစုံဖြင့် CDM လုပ်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဟားခါး CDF ထံ ရောက်ရှိ

မုံရွာမြို့မှ လက်နက်အပြည့်အစုံဖြင့် CDM လုပ်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဟားခါး CDF ထံ ရောက်ရှိ
စက်တင်ဘာ 19, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ဘဏ်လုံခြုံရေးစောင့် ရဲတပ်သားတစ်ဦး ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ပြီး ဟားခါး CDF ထံ သွားရောက်ပူးပေါင်းကြောင်း သိရသည်။

အဆိုပါ CDM ရဲတပ်ဖွဲ့ဝင် လုံခြုံဘေးကင်းရေးအတွက် မုံရွာအခြေစိုက် "သံမဏိအဖွဲ့သားများ-MPDFကိုယ်စားပြုအဖွဲ့"က ပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အဆိုပါ ရဲတပ်သားမှာ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးအစောင့်တာဝန်ကျနေစဉ် နံနက် (၄)နာရီဝန်းကျင်မှစ၍ ပျောက်ဆုံးသွား၍ အာဏာသိမ်းအဖွဲ့က အနီးဝန်းကျင် CCTV များမှ လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့လက်အောက်မှ ထွက်၍ ပြည်သူနှင့်အတူ ရပ်တည်လိုသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ငယ်နှင့်ကျည်ဆန်များ တစ်ပါတည်း ယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း ၅၀ ၊ လက်နက်ကြီးနှင့်ကျည်ဆန်များ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူများပိုင်သည့် ဌာနဆိုင်ရာကားများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ် သိန်း ၅၀ ဆုကြေးငွေအဖြစ် လက်ငင်းချီးမြှင့်သွားမည်ဟု CDF – Hakha က စက်တင်ဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။