ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို စော်ကားသည့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန် ရှုတ်ချကန့်ကွက်

ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို စော်ကားသည့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အပြင်းအထန် ရှုတ်ချကန့်ကွက်
စက်တင်ဘာ 19, 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အာဏာသိမ်းစစ်တပ်က လက်နက်အလွန်အကျွံသုံးသည့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ချင်းနှစ်ခြင်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်၏ လက်ချောင်းကိုဖြတ်၍ လက်စွပ်ယူသွားသည့် ခြောက်ခြားဖွယ်ဖြစ်စဉ်အပါအဝင် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို စော်ကားသည့်လုပ်ရပ်များအား အပြင်းအထန် ရှုတ်ချကန့်ကွက်သည်ဟု  ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ထုတ်ပြန်သည်။

အာဏာသိမ်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဓမ္မအမှုတော်ဆောင် Pastor Cung Biak Hmun  

ထန်တလန်မြို့တွင် စက်တင်ဘာလ (၁၈) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် ဒေသကာကွယ်ရေး အဖွဲ့များကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း အာဏာသိမ်းစစ်တပ်က  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်(၁၉)လုံး မီးလောင်မှုဖြစ်ပွားရာ နှစ်ခြင်းခရစ်ယာန် လူငယ်များအဖွဲ့က မီးငြှိမ်းသတ်ရန်ပြင်ဆင်ကြစဉ် အာဏာသိမ်းအဖွဲ့က ပစ်ခတ်မှုကြောင့် ဓမ္မအမှုတော်ဆောင် Pastor Cung Biak Hmun  ကျည်ထိမှန်သွားခဲ့ပြီးနောက် ဓမ္မအမှုတော်ဆောင်၏ နာရီနှင့်ဖုန်းအပြင် မင်္ဂလာလက်စွပ်ကို လက်ချောင်းဖြတ်၍ လုယူသွားသည်ကို တုန်လှုပ်ခြောက်ခြားနာကြည်းဖွယ်ရာ တွေ့ရသည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ထုတ်ပြန်ထားသည်။

 

ယင်းအပြင် စစ်ရေးတင်းမာမှုနှင့် ထိတွေ့တိုက်ပွဲများအတွင်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်သည် ချင်းနှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် တပ်စွဲခြင်း၊ ဘုရားကျောင်းအတွင်း အရက်သေစာသောက်စားခြင်း၊ ကျောင်းတွင်း ဖျက်ဆီးခြင်း၊ ဘုရားကျောင်းကို လက်နက်ဖြင့် ပစ်ခတ်ခြင်း၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများတွင်လည်း အလွန်အကျွံ လက်နက်ကြီးများသုံး၍ မြို့ရွာတွင်း လူနေအိမ်များကို မီးလောင်ကျွမ်းစေခြင်းတို့ကြောင့် ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို စော်ကား၍ ထိုဘာသာတရားကို သက်ဝင်ယုံကြည်သူလူမျိုးကိုလည်း မထီမဲ့မြင်ပြုရာရောက်သည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ခံယူသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်သည် ၎င်းတို့တိုက်ခိုက်ရာဒေသရှိ ဘာသာရေးအဆောက်အဦများတွင် တပ်စွဲခြင်းကို လုပ်လေ့ရှိသည်ကိုတွေ့ရပြီး ကယားပြည်နယ်တွင်လည်း စစ်ဘေးရှောင်များ တိမ်းရှောင်နေသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စစ်ဘေးရှောင်အချို့ သေဆုံးမှုဖြစ်ပွားခဲ့သည့်အပြင် ကတ်သလစ်သာသနာအဆောက်အဦဖြစ်သည့် ယေဇူးရွှေနှလုံးတော်ဘုရားကျောင်းအဆောက်အဦကိုလည်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ယမန်နေ့ညပိုင်းတွင် ထန်တလန်မြို့ ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းလမ်းရပ်ကွက်ရှိ လူနေအိမ် (၁၉)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများလည်းရှိခဲ့ခြင်းဖြစ်သည်။