ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နိုင်ငံ့အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူများ၏ဆန့်ကျင်မှုကို ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့ခေါင်းဆောင်က စစ်တပ်မှ တပ်ဖွဲ့အားလုံး ခြေလျင်တပ်ကဲ့သို့ အမြဲတမ်းတိုက်ပွဲဝင် အသင့်ဖြစ်စေရမည်ဟု ၎င်း၏ စက်တင်ဘာလ (၁၈) ရက်နေ့ကစတင်သည့် ကချင်ပြည်နယ်ခရီးစဉ်တွင် နယ်မြေခံတပ်များအား တပ်လှန့်ပြောဆိုနေသည်ကို တွေ့ရသည်။
ပြည်သူ့ဆန္ဒမဲရလဒ်ကို ဖျက်သိမ်းခြင်းအား လက်မခံသည့်ပြည်သူများ၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့ခေါင်းဆောင်က ၎င်း၏ရောက်ရှိရာခရီးစဉ်တိုင်းတွင် ပြောမြဲဖြစ်သည့် မဲစာရင်းမှား၍ အာဏာသိမ်းကြောင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တပ်နယ်နှင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့က တွေ့ဆုံစဉ်အတွင်း ထပ်မံပြောကြားသည့်အပြင် "မည်သည့် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရန်"တပ်ဖွဲ့များ အသင့်ပြင်ဆင်ရေးကိုပါ ပြောကြားထားခြင်းဖြစ်ကြောင်း သိရသည်။
မဲစာရင်းမှား၍ အာဏာထိန်းသည်ဟုဆိုသည့် အာဏာသိမ်းအဖွဲ့က ပြည်သူ့ဆန္ဒမဲရလဒ်အား မလေးစားဘဲ ပယ်ဖျက်ခြင်းနှင့် နိုင်ငံ့အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖေါ်သည့် ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက် နှိမ်နှင်းသတ်ဖြတ်ခြင်းလုပ်ဆောင်ရန်အတွက် စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို အသုံးပြုလုပ်ဆောင်နေခြင်းဖြစ်သည်။
အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်နေမှုများကို အများပြည်သူအနေဖြင့် တတ်နိုင်သည့်နည်းလမ်းဖြင့် ခုခံကာကွယ်နေကြသည့် ပြည်သူ့ခုခံကာကွယ်စစ်ကို ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ရွေးကောက်ခံကိုယ်စားလှယ်များ၏ လွှတ်တော်က ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာလ (၇) ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
လွတ်လပ်၍မျှတသောရွေးကောက်ပွဲဖြစ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသည့်တိုင် မိမိတို့ဘာသာစစ်သည့်စာရင်းအရ မဲစာရင်းမှားသည်ဟုဆိုကာ စစ်တပ်ကိုအသုံးပြု၍ အာဏာသိမ်းလိုက်သည့်အဖွဲ့က (၁) နှစ်ကြာ နိုင်ငံ့အာဏာထိန်းမည်ဟု စတင်ကြေညာပြီးနောက် (၃) နှစ်ကြာထိန်းမည်ဟု ထပ်မံပြင်ဆင်ကာ အာဏာသိမ်းအဖွဲ့ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းစစ်ကောင်စီဥက္ကဌ တာဝန်ယူထားရာမှ ဝန်ကြီးချုပ် တာဝန်ကိုပါ ယူထားခြင်းဖြစ်သည်။