ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးခွမြို့နယ်ဘက်မှ အာဏာသိမ်းစစ်တပ်၏ အင်အား(၃၀)ဝန်းကျင်ပါသည့် စစ်ကား(၂)စီးသည် ယနေ့ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က ခရမ်းမြို့နယ်ဘက်သို့ ဦးတည်လာနေကြောင်း ဒေသအခြေပြု Khayan Channel ၏ အသိပေးဖော်ပြချက်အရ သိရသည်။
အာဏာသိမ်းစစ်တပ်က မြို့အဝင်အထွက်များအပြင် မြို့တွင်းနေရာများတွင်လည်း ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ခရမ်းမြို့နေ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ မထွက်ကြရန် နှင့် နေအိမ်ပြင်ပ ထွက်ပါကလည်း လက်ကိုင်ဖုန်းများကို မယူသွားကြရန်၊ စစ်ဆေးရေးနေရာများကိုလည်း ရှောင်ကွင်းသွားကြရန် ဒေသခံ အချင်းချင်း အသိပေးထားသည်။
စက်တင်ဘာလ(၁၇)ရက်နေ့က ခရမ်းမြို့တွင် ပစ်ခတ်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅)ဦးသေဆုံးကာ ပြည်သူ(၂) ဦးကျဆုံးပြီး (၁)ဦးမှာ ဖမ်းဆီးခံရသည့်အတွက် ဖမ်းဆီးခံရသူကို စစ်ဆေးပြီး ဆက်စပ်သူများကို ယနေ့ တွင် ရှာဖွေဖမ်းဆီးမည်ဟုလည်း သတင်းများထွက်ပေါ်နေပြီး စက်တင်ဘာလ(၁၇)ရက်နေ့က ဖြည့်တင်းထားသည့် စစ်အင်အားသည်လည်း ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။