ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့တွင် ဧရာဝတီဘဏ်၏ ငွေကျပ် (၄)ဘီလီယံဝန်းကျင် လုယက်ခံရမှုနှင့် ပတ်သက်၍ (၉)နာရီအတွင်း ဖမ်းဆီးဖော်ထုတ်နိုင်၍ဟု ဆိုကာ အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံများဖြစ်သည့် စစ်သား၊ စရဖ(စရတ)၊ ရဲတပ်ဖွဲ့တို့အား စုစုပေါင်း ကျပ်သိန်း(၁၀၀)ဂုဏ်ပြုသည်ဟုဆိုကာ ပဲခူးတိုင်းဝန်ကြီးချုပ်က ညစာစားပွဲနှင့်အတူ ပေးလိုက်ကြောင်း သိရသည်။
ကျပ်သိန်း(၁၀၀)ခွဲတန်းတွင် နယ်မြေခံတပ်အတွက် ကျပ်(၄၅)သိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် စရဖ(စရတ)အတွက် ကျပ်သိန်း(၂၀) နှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အတွက် ကျပ် (၃၅)သိန်းဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း(၁၀၀)ကို အာဏာသိမ်းစစ်ကောင်စီ၏ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ညစာ စားပွဲပြုလုပ်ပေးပြီး ပေးအပ်ချီးမြှင့်သည်ဟု နိုင်ငံပိုင် သတင်းစာက ယနေ့ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ဖော်ပြထားသည်။
ပဲခူးမြို့ ဧရာဝတီဘဏ်ခွဲ(၁)၏ ငွေကျပ် (၄)ဘီလီယံဝန်းကျင်အား ရန်ကုန်မြို့မှ တဆင့် ပဲခူးမြို့သို့ သယ်ဆောင်လာစဉ် ပဲခူးမြို့နယ် ဘူးလယ်အင်းကျေးရွာအုပ်စု ရန်ကုန် - မန္တလေး ကားလမ်းဟောင်းရှိ မိုင်တိုင် အမှတ် (၂၅/၅)တွင် လုယက်ခံရမှုအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်ဟု သတင်းများထုတ်ပြန်ထားပြီး ယင်းဖြစ်စဉ်တွင် PDF က လုပ်ဆောင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအတွင်း မှုခင်းရေးရာကိစ္စရပ်များဖြစ်ပွားလာပါ ပါဝင်ပတ်သက်သူများအပေါ် PDF အမည်များကို သုံးစွဲရန် နှင့် အကြမ်းဖက်အဖွဲ့ဟုလည်း သုံးစွဲရန် စစ်တိုင်းအသီးသီးက ရဲတပ်ဖွဲ့အား ညွှန်ကြားထားသည့် လျှို့ဝှက်ညွှန်ကြားချက်လည်း အပြင်သို့ ပေါက်ကြားမှုများ ရှိထားသည်။
#TachileikNewsAgency