ရဲမေများကို စစ်သည်အဖြစ်အသုံးပြုခြင်းမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြည်သူ့စစ်သားအဖွဲ့က ထောက်ပြဝေဖန်

ရဲမေများကို စစ်သည်အဖြစ်အသုံးပြုခြင်းမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြည်သူ့စစ်သားအဖွဲ့က ထောက်ပြဝေဖန်
စက်တင်ဘာ 16, 2021

အာဏာသိမ်းအဖွဲ့က တပ်စခန်းလုံခြုံရေးအတွက် ရဲမေများကိုပါ လက်နက်ကိုင်တိုက်ခိုက်ကြရန် ညွှန်ကြားစာတစ်စောင် ထွက်ပေါ်လာရာ ရဲမေများအား စစ်သည်အဖြစ် အသုံးပြုခြင်းမှာ စစ်ရာဇဝတ်မှုမြောက်သည်ဟု CDM လုပ်ထားသည့် ပြည်သူ့စစ်သားအဖွဲ့က ထောက်ပြပြောဆိုထားသည်။

“ရဲမေများကို စစ်သည်အဖြစ်အသုံးပြုခြင်းမှာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ရဲမေများအနေနဲ့ လက်နက်ကိုင်ခိုင်းပါက ငြင်းဆန်ကြဖို့လိုအပ်ပါတယ်။”ဟု ပြည်သူ့စစ်သား (People’s Soldiers)က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများအား PDF များက တိုက်ခိုက်လာပါက ပြင်ဆင်ထားရန် စက်တင်ဘာလ (၁၄) ရက်နေ့ ရက်စွဲဖြင့် တပ်တွင်းညွှန်ကြားချက်တစ်စောင်တွင် ရဲမေများအား စစ်သည်များအဖြစ် အသုံးပြုမည့်အစီအစဉ် ပါဝင်လာခြင်းဖြစ်သည်။

ပြည်သူ့စစ်သားအဖွဲ့သည် အာဏာသိမ်းမှုကို လက်မခံ၍ ပြည်သူနှင့်အတူ ပူးပေါင်းရပ်တည်လာကြသည့် တပ်မတော်သားများအဖွဲ့ဖြစ်သည်။