ရှမ်း(ရှေ့)တွင် တခါမှ ဗုံးခွဲ မခံရသေးသည့် စစ်တပ်ပိုင် Mytel အပါအဝင် တာဝါတိုင်များကို ကာကွယ်စောင့်ရှောက်ရေးအတွက် လုပ်ဆောင်နေ

ရှမ်း(ရှေ့)တွင် တခါမှ ဗုံးခွဲ မခံရသေးသည့် စစ်တပ်ပိုင် Mytel အပါအဝင် တာဝါတိုင်များကို ကာကွယ်စောင့်ရှောက်ရေးအတွက် လုပ်ဆောင်နေ
စက်တင်ဘာ 14, 2021

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ တစ်ခါမှ ဖောက်ခွဲမခံရသေးသည့် အာဏာသိမ်းစစ်တပ်ပိုင် Mytel အပါအဝင် တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီး မခံရရေး  ကာကွယ်စောင့်ရှောက်ရေးအတွက် ညွှန်ကြားထားပြီး လှည့်ကင်းလှည့်ခြင်း၊ တည်နေရာ စာရင်းရယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

တာဝါတိုင်ကိစ္စကတော့၊ တာဝါတိုင် စိုက်ထူထားတဲ့ မြေနေရာတွေရဲ့ လိပ်စာတွေ၊ အချက်အလက်တွေကိုတော့ စာရင်းလုပ်ထားကြတယ်။ တပ်နဲ့ရဲ ပေါင်းပြီး လှည့်ကင်းတွေလည်း လှည့်ခိုင်းထားတယ်။ ခုထိတော့ ရှမ်း(ရှေ့)ဒေသအတွင်း အေးဆေးပါပဲ။ လှည့်ကင်းကတော့ ပုံမှန်လုပ်နေတယ်

ဟု  အမည်မဖော်လိုသူတစ်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းထဲက တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းတို့ရှိ မြို့နယ်များအနက် မိုင်းတုံမြို့တွင် ရဲတပ်ဖွဲ့များကို ပုံမှန်ထက်ပို၍ လက်နက်များအဆင်သင့် ထုတ်ပေးထားသလို မိုင်းယောင်းမြို့နယ်အတွင်း၌လည်း စရဖ(စရတ)က တက်ကြွလူငယ်များကို ဖိနှိပ်ထားသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံအတွင်း၌ အာဏာသိမ်းစစ်တပ်ပိုင် Mytel တာဝါတိုင် အပါအဝင် တာဝါတိုင်နှင့်စက်များမှာ စက်တင်ဘာလ(၁၃)ရက်နေ့အထိ အနည်းဆုံး အကြိမ်ပေါင်း (၈၀)ကျော်အထိ ဖောက်ခွဲဖျက်ဆီးခံထားရကြောင်း သိရသည်။

 Mytel တာဝါတိုင်အများအပြား ဖျက်ဆီးခံနေရခြင်း နှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးက ဆုပေး ဒဏ်ပေး စနစ်ကျင့်သုံးပြီး ဆောင်ရွက်ရန် နှင့် လိုအပ်သည့် လုံခြုံရေးဆောင်ရွက်ရာတွင် Mytel နှင့် MPT ကိုသာ အဓိက ဦးစားပေးဆောင်ရွက်ရန် မှာကြားထားသည့်အတွက် တာဝါတိုင်များကို ကာကွယ်ပေးရေးအတွက် စစ်တပ်နှင့်ရဲတို့က အဓိက ဆောင်ရွက်နေသည်ဟု သိရသည်။