အာဏာသိမ်းပြီး ပြည်သူကိုအကြမ်းဖက်ကာ တိုင်းရင်းသားဒေသများကို သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်ကောင်စီအား စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစိုးရများ၊ အဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်သည်။
အာဏာသိမ်းအဖွဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းပြီးချိန်မှစ၍ (၇)လကျော်လာသည့် အချိန်ထိ ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းခြင်းအပြင် တိုင်းရင်းသားဒေသများအား ထိုးစစ်ဆင်ခြင်းများ လုပ်နေ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ (၃) သိန်းကျော်ရှိနေပြီဟု ကုလသမဂ္ဂ၏ အစီရင်ခံစာအရ သိရသည်။