မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ အပါအဝင် တိုင်းရင်းသားဒေသများစွာတွင် ရက်စက်သည့် အကြမ်းဖက်နှိပ်ကွပ်မှုများအတွက် အလွန်တရာ အရှက်ရမိကြောင်းနှင့် ကိုယ်တိုင်တောင်းပန်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီးက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားသည်။
"ရိုဟင်ဂျာများအပါအဝင် တိုင်းရင်းသားဒေသများစွာမှာ ရက်စက်စွာ အကြမ်းဖက်နှိပ်ကွပ်မှုတွေ ရှိနေတာကို ကျွန်တော့်အနေနဲ့ ဖော်ပြလိုပါတယ်။ ဒီလို ရက်စက်စွာ အကြမ်းဖက်နှိပ်ကွပ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ အမည်းစက်ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဖြစ်ပွါးခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အလွန်တရာ အရှက်ရမိကြောင်း ပြောကြားလိုပြီး ကိုယ်တိုင်ကိုယ်ကျလည်း တောင်းပန်စကား ပြောကြားလိုပါတယ်။"ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ထုတ်ဖေါ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်နှိပ်ကွပ်မှုပြုလုပ်ခဲ့သည့် (၄) နှစ်မြောက်နေ့တွင် ယင်းကဲ့သို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သည့်လေးနှစ်က ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။