မြဝတီမြို့ အဆင်းလမ်းတွင် ရေနံဓါတ်ငွေ့ရည်တင်ယာဉ် တိမ်းမှောက်နေ၍ မော်တော်ယာဉ်များ သတိထားဖြတ်သန်းရန် အသိပေးထား

မြဝတီမြို့ အဆင်းလမ်းတွင် ရေနံဓါတ်ငွေ့ရည်တင်ယာဉ် တိမ်းမှောက်နေ၍ မော်တော်ယာဉ်များ သတိထားဖြတ်သန်းရန် အသိပေးထား
သြဂုတ် 9, 2021

မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့မှအဆင်း တောင်ပေါ်လမ်း နတ်စင်ကုန်းအဆင်းတွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့ ည (၇)နာရီဝန်းကျင်က ရေနံဓါတ်ငွေ့ရည်ကားတစ်စီး တိမ်းမှောက်သွားသဖြင့် ဓါတ်ငွေ့ရည်များထုတ်ယူပြီး ကားကိုပြန်တည့်မတ်ရန် လုပ်ဆောင်နေစဉ် လမ်းတစ်ခြမ်း ဖွင့်ပေးထားသော်လည်း ယာဉ်မောင်းများ သတိထားမောင်းနှင်ကြရန် အသိပေးထားသည်။

AwRa Trading (ThaiGas) မှ ရေနံဓာတ်ငွေ့ရည် (LPGas)တင်ဆောင်လာသော ၂၂ ဘီးတွဲယာဥ်သည် ယမန်နေ့ည (၇) နာရီဝန်းကျင်က မြဝတီမြို့မှဆင်းလာသည့်  တောင်ပေါ်လမ်း နတ်စင်ကုန်းအဆင်းတွင် ဘရိတ်စနစ်ချို့ယွင်းပြီး ယာဥ်တိမ်းမှောက်ကာ လမ်းကြောင်း ပိတ်ဆို့သွားခြင်းဖြစ်သည်ဟု အဆိုပါ ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း သေဆုံးခဲ့ပြီး ယာဥ်အကူမှာ ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု သိရသည်။

အဆိုပါကားမှ Gas ယိုစိမ့်မှုအနည်းငယ်ရှိနေ၍ ကုမ္မဏီ တာဝန်ရှိဝန်ထမ်းများမှ ထိန်းသိမ်းခဲ့ပြီး ဩဂုတ်လ (၉) ရက်နေ့ နံနက် (၁) နာရီခွဲဝန်းကျင်တွင် တန် ၅၀ ကရိန်းယာဥ်ကြီး နှစ်စီးဖြင့် လမ်းကြောတစ်ခြမ်းပွင့်အောင် ဆောင်ရွက်ထားသဖြင့် အဆိုပါလမ်းကြောမှ အတက်အဆင်းယာဉ်များ သွားလာနေကြောင်း သိရသည်။

လမ်းကြောဖွင့်ထားစဉ် ဖြတ်သန်းသွားလာသည့် ယာဥ်များ ရပ်တန့်ခြင်းမပြုဘဲ အထူးသတိထားဖြတ်သန်းကြရန် မေတ္တာရပ်ခံထားသည်။

Photo: AwRa Trading Co,ltd.(ThaiGas)