မဲခေါင်မြစ်ကမ်းမှ မြန်မာတာဝန်ရှိသူများ၏ အကူအညီကို တောင်းခံခဲ့သူများ အပါအဝင် လာအိုမှ ဒုတိယအသုတ် နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံများကို COVID-19 စစ်ဆေးနေ

မဲခေါင်မြစ်ကမ်းမှ မြန်မာတာဝန်ရှိသူများ၏ အကူအညီကို တောင်းခံခဲ့သူများ အပါအဝင် လာအိုမှ ဒုတိယအသုတ် နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံများကို COVID-19 စစ်ဆေးနေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်ရန် လပေါင်းများစွာ စောင့်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှ ဒုတိယအသုတ်ပြန်ပို့မည့်အဖွဲ့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့တွင် COVID 19 စစ်ဆေးနေပြီဖြစ်သည်။

လာအိုလာနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန် တုန်ဖုန် (၅) ထပ်ဆောင်ဘက်တွင် စစ်ဆေးပေးနေခြင်းဖြစ်ပြီး ယနေ့စစ်ဆေးပေးသူများတွင် နေရပ်ပြန်ခွင့်မရ၍ မဲခေါင်မြစ်ကမ်းအထိသွားပြီး မြန်မာတာဝန်ရှိသူများအား အကူအညီတောင်းခံခဲ့သည့်အဖွဲ့လည်း ပါဝင်ကြောင်း သိရသည်။

အခု သူတို့ကပြောတာ ဆေးမအောင်ရင် ပြန်မပို့ဘူးတဲ့။ မြန်မာဘက်က ဆေးမအောင်ရင် လက်မခံတာလား။ သူတို့က ဆေးမကုပါဘူး။ ဆေးမအောင်ဘူးဆိုရင် ခွဲထားတာ။ အခုဆို Q ဝင်နေရတာ (၃) လပြည့်တဲ့သူတွေတောင် ခုထိ မထွက်ရသေးဘူး။ ကျွန်တော်တို့မြန်မာတွေက သူတို့ကုတာကို မလိုချင်ကြဘူး။ မြန်မာပြည်မှာပဲ ကုချင်ကြတယ်။ သူတို့ကုရင် ပြန်ရဖို့မလွယ်ဘူးလေ။ မြန်မာပြည်မှာဆို ပြန်ရတယ်လေ။ မြန်မာဘက်ကို ပြန်ရအောင် အမြန်ကူညီပေးကြပါ။ ဒီမှာက တစ်နေ့ထက်တစ်နေ့ အခြေအနေက ပိုဆိုးလာနေပါပြီ။ သူတို့ကို ပြန်ပြောရင် တောင်ခြေပို့မယ်လို့လည်း ခြိမ်းခြောက်ခံရပါတယ်

ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများစာရင်းကို လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီက လာအိုတာဝန်ရှိသူများထံ တင်ပြရန်ကြန့်ကြာနေမှုများကြောင့် နေရပ်ပြန်နိုင်ရေး လပေါင်းများစွာ စောင့်ဆိုင်းနေရသည့် မြန်မာလုပ်သားများသည် ဇူလိုင်လ (၂၂) ရက်နေ့နှင့် (၂၃) ရက်နေ့များတွင် မဲခေါင်မြစ်ကမ်းအထိ ခြေလျင်လျှောက်လာကြကာ မိုးရွာနေသည့်ကြားက တစ်ညလုံးထိုင်၍ မြန်မာတာဝန်ရှိသူများ၏ အကူအညီကို တောင်းခံခဲ့ကြသဖြင့် အဆိုပါမြန်မာများအား ကုမ္ပဏီက Quarantine စင်တာသို့ပို့လိုက်ကာ ယင်းတို့အထဲမှ မြန်မာလုပ်သားတစ်ဦးမှာလည်း အအေးမိသည့်ဒဏ်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ 

 

 မြစ်ဆိပ်မှ ပြန်ခေါ်လာသူများအပါအဝင် နေရပ်ပြန်ရန်စာရင်းပေးထားသူများကို လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီ (ကာစီနိုကုမ္ပဏီ)က ယနေ့တွင် COVID 19 စစ်ဆေးပေးနေခြင်းဖြစ်ပြီး ဩဂုတ်လ (၁) ရက်နေ့တွင် ဒုတိယအသုတ်အဖြစ် မြန်မာလုပ်သား (၁၅၀) ပြန်လွှဲပေးရန် နှစ်နိုင်ငံသဘောတူထားခြင်းဖြစ်သည်။

ကျွန်တော်တို့မြန်မာတွေ ဆေးမအောင်ရင်လည်း မြန်မာဘက် Q ဝင်ပါမယ်ခင်ဗျာ။ သူတို့က (ကုမ္ပဏီ) ကျွန်တော်တို့ကိုပြေတာက မြန်မာဘက် လဝက လက်မခံဘူးပြောတယ်။ မနေ့ကလည်း ပြောတော့ ၁၀၀ ဆိုပြီး ၃၀ ကျော်လောက်ပဲ ခေါ်သွားတယ်။ ကျွန်တော်တို့မှာ စားစရာလည်း မရှိတော့ဘူး။ မသေရုံတမယ် စားနေရတာပါ။ ဘယ်လိုမှ မဝပါဘူး။ မြန်မြန်လေးပြန်လို့ရအောင် တာဝန်ရှိသူတွေ ကူညီဆောင်ရွက်ပေးပါဗျာ။ စိတ်တွေလည်းညစ်တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပေါက်လာတယ်

ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်ခွင့်ရရန် (၆) လနီးပါးစောင့်ဆိုင်းနေခဲ့သည့် မြန်မာလုပ်သား (၇၀၀) ကျော်အနက်မှ (၁၀၀) ဦးကို ပထမသုတ်အဖြစ် ဇူလိုင်လ (၃၀)  ရက်နေ့က ပြန်ပို့ရန် မြန်မာ - လာအို နှစ်နိုင်ငံတာဝန်ရှိသူများ သဘောတူခဲ့ကြသော်လည်း (၃၃) ဦးသာ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

လာအိုနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား လက်ခံရေးအတွက် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့နှင့် လာအိုနိုင်ငံမှ ဟွေဆိုင်းခရိုင်တာဝန်ရှိသူများ ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ဝမ်ပုံဆိပ်ကမ်း၌ တွေ့ဆုံညှိနှိုင်းကြပြီး ဇူလိုင်လ (၃၀) ရက်နေ့ နံနက် (၉)နာရီတွင် ပထမအသုတ်အဖြစ် နေရပ်ပြန် (၁၀၀) ဦး၊ ဒုတိယအသုတ်အနေဖြင့် ဩဂုတ်လ (၁) ရက်နေ့ နံနက် (၉)နာရီတွင် (၁၅၀) ဦးနှင့် ကျန်စာရင်းထပ်တိုးသူများကိုလည်း ဆက်လက်လက်ခံရန်နှင့် COVID 19 Positive ဖြစ်သူများရှိပါကလည်း မြန်မာဘက်က လက်ခံမည်ဟု သဘောတူထားခဲ့ကြောင်း သိရသည်။