ရှမ်းပြည်နယ်အတွင်းမှ နတလ ဝန်ထမ်းများကို မိုးဟိန်း၏ ဝါဒဖြန့် ဟောပြောမှုများ နားထောင်ခိုင်း

ရှမ်းပြည်နယ်အတွင်းမှ နတလ ဝန်ထမ်းများကို မိုးဟိန်း၏ ဝါဒဖြန့် ဟောပြောမှုများ နားထောင်ခိုင်း
ဇူလိုင် 16, 2021

 အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့် ဟောပြောပေးထားသည့် မိုးဟိန်း ၏ ဟောပြောချက်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်တွင်းမှ ဝန်ထမ်းများအားလုံး ပြသ ရှင်းလင်းဆွေးနွေးရန် ညွှန်ကြားထားကြောင်း သိရသည်။

မိုးဟိန်း၏ ဟောပြောမှုများကို ကြည့်ရှုရုံတင်မဟုတ်ဘဲ ချပြရှင်းလင်းဆွေးနွေးပြီးစီးမှု အခြေအနေများကို ပြန်လည်တင်ပြရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

ဂျင်းပြုတ်ရည်သောက်ဖို့ကတော့ မနေ့ကမှ ညွှန်ကြားလာတာ။ အခု ဒီ မိုးဟိန်းဟာကတော့ (၆)ပိုင်းကတည်းကပါ ဆောင်ရွက်ပြီးစီးမှုကို လကုန်ပိုင်းက ပြန်တင်ခိုင်းလို့ ထုံးစံအတိုင်း မှတ်တမ်းရိုက်ပြီး ပြန်တင်ပေးလိုက်ပြီ

ဟု ရှမ်းပြည်နယ်တွင်းမှ နတလ ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၆)ရက်နေ့တွင် ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံပြောဆိုနေသည့် မိုးဟိန်း၏ အစီအစဉ်ကို အာဏာသိမ်းစစ်တပ်ပိုင် မြဝတီသတင်းက ထုတ်လွှင့်နေပြီး အဆိုပါအစီအစဉ်များအား ရုံးများ၊ကျောင်းများတွင် ပြန်လည်ပြသရန် ကြိုးစားနေခြင်းဖြစ်သည်။

COVID 19 ကာလအတွင်း နိုင်ငံကိုသိမ်းထားပြီး တတိယလှိုင်းကို စီမံခန့်ခွဲနိုင်ခြင်းမရှိဘဲဖြစ်နေသည့် အာဏာသိမ်းအဖွဲ့က ၎င်းတို့အတွက် ဝါဒဖြန့်အစီအစဉ်များကို ရုံးများ၊ ဌာနများ၊ တက္ကသိုလ်များ၊ ကျောင်းများတွင် ပြသရန်ခိုင်းစေနေသည်ဟု သိရသည်။

စစ်တပ်က ပြီးခဲ့သည့်လူထုရွေးကောက်ပွဲ၌ မဲစာရင်းမှားသည်ဟုစွပ်စွဲကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီတာဝန်ရှိသူများကို ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုများကို (၅)လကျော်လာသည့်ကာလအထိ တစိုက်မတ်မတ်လုပ်နေဆဲဖြစ်သည်။

 

#TachileikNewsAgency