COVID 19 ကာကွယ်ကုသရေးလုပ်ငန်းများကို အာဏာသိမ်းပြီးကတည်းက မလုပ်နိုင်တော့သည့် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတွင်း COVID 19 ကူးစက်မှုများနေ၍ အာဇာနည်နေ့ကျင်းပခြင်းအပါအဝင် လူစုလုဝေးမလုပ်ကြရန် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့က လူစုလူဝေး အစည်းအဝေးဖြင့် သတိပေးထားသည်။
အားကစားပြိုင်ပွဲများ၊ ဆုပေးပွဲများ ဆက်လက်ကျင်းပနေသည့် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား လူစုလူဝေးပြုလုပ်ပြီး မကြာခင်ကျရောက်တော့မည့် ဘာသာရေးနေ့များ၊ အာဇာနည်နေ့အပါအဝင် လူစုလူဝေးပြုလုပ်ခြင်းများ မလုပ်ကြရန် သတိပေးထားသည်။
ဝါဆိုလပြည့်နေ့၊ အီဒုလ်အဿွာဟာနေ့နှင့် အာဇာနည်နေ့များသည် လူအများနှင့်သက်ဆိုင်သည့်နေ့များဖြစ်ခြင်းကြောင့် လူစုလူဝေးများဖြစ်ပေါ်လာနိုင်သဖြင့် COVID-19 ဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား တိကျစွာဖြင့် အလေးထား လိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ကြရန် လိုအပ်ကြောင်း၊ COVID-19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များအား အများပြည်သူများ တိတိ ကျကျလိုက်နာရန်နှင့် လူစုလူဝေးများမပြုလုပ်ရန် လိုအပ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါကလည်း အတတ်နိုင်ဆုံးအကာကွယ်များဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလားတူ ကိုယ်ခံစွမ်းအားများကောင်းမွန်အောင် နေထိုင်စားသောက်ရန်လည်း လိုအပ်ကြောင်း၊ ယခုအခါ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားကြောင်း
ယမန်နေ့က အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဌဖြစ်သူက ပြောသည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံအတွင်း Covid-19 ဒုတိယလှိုင်းကို ထိန်းချုပ်နေစဉ်ကာလအတွင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာဝင်သိမ်းလိုက်ပြီး COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားကာ COVID 19 တတိယလှိုင်းနှင့်ရင်ဆိုင်လာရခြင်းဖြစ်သည်။
COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို လက်ရှိအချိန်ထိ ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိ၍ အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးရသည့်လူနာများ နေ့စဉ်နှင့်အမျှရှိနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇူလိုင်လ(၈)ရက်နေ့က လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇူလိုင်လ(၅)ရက်နေ့က လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီ ဘောပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇူလိုင်လ(၅)ရက်နေ့က လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ဇွန်လ(၃၀)ရက်နေ့ကလည်းကောင်း ကျင်းပနေသည်ကို တွေ့ရသည်။
ယင်းအပြင် ရုံးတက်နေကြသည့်ဌာနဆိုင်ရာဝန်ထမ်းအများအပြား COVID 19 ကူးစက်ခံရမှုများဖြစ်ပွားမှုများ ရှိနေသော်လည်း လူစုလူဝေးဖြင့် အစည်းအဝေးကျင်းပခြင်းများကိုလည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။