ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း လွိုင်လင်လေးမြို့ လင်ဖုံကြီးကျေးရွာနားတွင် ဇွန်လ (၂၃)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ် များ ရောက်ရှိလာပြီး ရွာထဲရှိ နေအိမ်များအတွင်း ရှိ ကြက်၊ ဘဲများအား ပေါ်တင် ဖမ်းဆီးခိုးယူခြင်းများ လုပ်နေကြောင်း သိရသည်။
ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ အင်အား (၂၀၀)ခန့်မှ ခြေလျင်ဖြင့် လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာမှ လွိုင်လင်လေး မြို့ဖက်သို့ ဦးတည်ကာ ခြေလျင်ဖြင့်ရောက်ရှိလာခြင်း ဖြစ်ပြီး အင်အား (၇၀)ခန့်မှာ လင်ဖုံကြီးကျေးရွာတွင် တပ်ဆွဲ၍ အိမ်မွေးတိရိစ္ဆာန်များအား ပေါ်တင်ခိုးယူ ဖမ်းဆီးနေကြောင်း သိရသည်။
" အင်အားတော့အများကြီးပဲ။ ရွာထဲက ဘုန်ကြီးကျောင်းမှာ တပ်ဆွဲထားတယ်။ ရွာထဲမှာတွေ့တဲ့ကြက်ကို ပိုင်ရှင်လည်း မပြောဘူး။ ခြံထဲမှာဝင်ပြီး ကြက်တွေ ဝင်ဖမ်းနေတယ် ။ တောင်းတာလည်း မဟုတ်ဘူး ခပ်တည်တည်ပဲ ကြက်တွေ ဝင်ဖမ်းတာ။ ဒီည ရွာမှာ ညအိပ်တပ်စွဲမယ် ပြောတယ်။ ဒေသခံတွေက အရမ်းစိုးရိမ်ပြီးကြောက်နေတယ်"ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်လင်လေးမြို့မှာ ကယား - ရှမ်းနယ်စပ်တွင် တည်ရှိသည့် လွိုင်ကော်မြို့၏ မြို့နယ်ခွဲမြို့ဖြစ်ပြီး ဇွန်လ(၂၃)ရက်နေ့တွင် စစ်ကောင်စီတပ်များမှ အင်အားအများအပြားနှင့် ခြေလျင်ခရီးဖြင့် လွိုင်လင်လေးမြို့ထဲတွင် လှည့်လည်နေပြီး အနီးအနားရွာများတွင် တပ်စွဲ ရပ်နားနေကြကြောင်း သိရသည်။
လွိုင်လင်လေးမြို့နယ်ရှိ ကယား - ရှမ်းနယ်စပ် ထီးစဲခါး ဂိတ်တွင်လည်း စစ်ကောင်စီတပ်များမှ အင်အားတိုးချဲ့၍ တပ်စွဲထားပြီး အနီးနား ဝန်ကျင်ကျေးရွာများထိပါ ခြေလျင်တပ်များမှ လှည့်လည်သွားလာနေကြောင်း သိရသည်။
#TachileikNewsAgency
Photo: CJ