တာချီလိတ်မြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ညမထွက်ရအမိန့်ကို ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၅)ရက်နေ့၌ သက်တမ်းထပ်တိုးလိုက်ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။
တာချီလိတ်မြို့၏ ညမထွက်ရအမိန့်ကို အမိန့်အမှတ် ၆/၂၀၂၁ ဖြင့် ထပ်မံ၍ သက်တမ်းတိုးထားခြင်းဖြစ်ပြီး ကန့်သတ်ရက်ကိုတော့ သတ်မှတ်ထားခြင်း မရှိသော်လည်း ညမထွက်ရအမိန့်မှာ ည(၈)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
ညမထွက်ရ အမိန့်ကို ချိုးဖောက်ပါက နိုင်ငံ့အာဏာသိမ်းခံရပြီးသည့် နောက်ပိုင်းတွင် ထောင်ဒဏ်အဖြစ် (၁)လ ချမှတ်ပြီး ကျိုင်းတုံအကျဉ်းထောင်သို့ ပို့ဆောင်ကြောင်း နှင့် ညမထွက်ရမိန့် ချို့ဖောက်မှုကြောင့် ဖမ်းဆီးရမိပါက ရုံးဖွင့်ရက်များတွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တစ်နေ့တည်း အပြီးအမိန့်ချခြင်း ဖြစ်ကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင် ညမထွက်ရအဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားသော်လည်း KTVများ၊ Club များ၊ Bar များကို သတ်မှတ်အချိန်ကျော်လွန်သည့်အထိ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များက ဖွင့်လှစ်ခွင့်ပြုထားပြီး ညမထွက်ရသူများကို ဖမ်းဆီးရမိပါက ငွေကြေးများဖြင့် ညှိနှိုင်းမှုများရှိနေပြီး ငွေကြေးတောင်းသလောက်မရသူများကို အရေးယူမှု ပြုလုပ်သည်ဟု သတင်းရင်းမြစ်များထံက သိရသည်။
တာချီလိတ်ရဲ့ ညမထွက်ရ အမိန့်က သူတို့အတွက် ငွေတွင်း ဖြစ်နေတယ်။ ဖမ်းချင်တဲ့အချိန် ထဖမ်းတယ်။ ဖမ်းမိတာနဲ့ ငွေနဲ့ညှိနှိုင်းတယ်။ ဖမ်းမိချိန် လိုင်စင်မဲ့ ဆိုင်ကယ်ပါရင် အဆုံးပဲ။ လိုင်စင်မဲ့ဆိုင်ကယ်ပါလာလို့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပါ ထပ်အဖွင့် မခံချင်ရင် အဲ့ဆိုင်ကယ်ကတော့ အဖျောက်ပဲ။ တာချီလိတ်ရဲ့ ခရိုင်/မြို့နယ်အုပ်ချုပ်မှူးတွေအနေနဲ့ ညမထွက်ရ အမိန့်ကို သေချာသုံးသပ် စိစစ်သင့်တယ်။ အောက်ခြေမှာ ပြည်သူတွေ ဘယ်လောက်ထိ ခံနေရလဲ။ ဖမ်းခံရတာနဲ့ ငွေတွေ ဘယ်လောက်ကုန်လဲဆိုတာကို သူတို့ မသိတာလား။ ဝေစားမျှစားလားဆိုတာတော့ မပြောတတ်တော့ဘူး။ ညမထွက်ရနဲ့ ဖမ်းခံရရင် ထိုင်းတို့၊ တရုတ်တို့ဆိုရင် ဘတ် သိန်းချီပေးရတာတွေရှိတယ်။ နောက်ဆုံး သူတို့လိုချင်တဲ့ အတိုင်းအတာ မဟုတ်ရင်တော့ ဖမ်းခံရသူ နာပြီပဲ။ ဒါနဲ့ပတ်သက်ပြီး အထက်က လူကလည်း ခွဲဝေတာကို လက်ခံတာလား ဒါမှမဟုတ် အောက်ခြေက တင်ပြလာတာကိုပဲ ယုံတာလားဆိုတာတော့ မပြောတတ်ဘူး
ဟု တာချီလိတ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးမှုများရှိနေရာတွင် လူကြီး လူငယ် အရွယ်စုံဖမ်းခံရမှုများရှိနေသော်လည်း လူငယ်များသာ အရေးယူခံရမှုများပြားကြောင်း သိရသည်။