အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဒုဝန်ကြီး၏ ညီအရင်း ဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမိုးလှိုင်(ခ)ကိုမဲကြီးသည် စစ်ကြောရေးစခန်းတွင် မေလ (၂၄) ရက်နေ့ ညနေပိုင်းက ကျဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ ဝင်္ဂဘော် နိုင်/ကျဉ်းပညာရေးကွန်ယက်ထူထောင်သူ၊ ABSDF အဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဦးစိုးမိုးလှိုင်(ခ)ကိုမဲကြီးသည် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နှင့် ရဲချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ညီအရင်းဖြစ်ပြီး ၎င်းကို မေလ(၂၂) ရက်နေ့က ပဲခူးမြို့တွင် ဖမ်းဆီးခံရပြီး မေလ (၂၄) ရက်နေ့ညနေတွင် သေဆုံးသွားသဖြင့် အလောင်းလာရောက်ထုတ်ယူရန် မိသားစုကို အကြောင်းကြားခြင်း ဖြစ်ကြောင်းသိရသည်။
ကိုစိုးမိုးလှိုင်(ခ) ကိုမဲကြီးကို သေဆုံးပြီးချိန်တွင် အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ထားသဖြင့် မိသားစုမှ ရန်ကုန်သို့ မေလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့ရာ အလောင်းကိုကြည့်ရှုခွင့် မပေးခဲ့သော်လည်း ညနေပိုင်းမှ အလောင်းထုတ်ယူသင်္ဂြိုလ်ခွင့် ပြုခဲ့သည်။
ကိုစိုးမိုးလှိုင်(ခ) ကိုမဲကြီးမှာ ၈၈၈၈ အရေးတော်ပုံတွင် တောခိုခဲ့ပြီး ABSDF ၏ တပ်ရင်း (၂၀၄)နှင့် တပ်ရင်း (၁၀၂) တို့တွင် အမှုထမ်းခဲ့ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ်ကာလ ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိမှုအပေါ် ထောက်ခံဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံရပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် ထိန်းသိမ်းခံရကာ ၂၀၁၆ ခုနှစ်တွင် လွတ်မြောက်ခဲ့သူ ဖြစ်သည်။
ကိုစိုးမိုးလှိုင်(ခ) ကိုမဲကြီးသေဆုံးချိန်တွင် ဇနီးနှင့် သား၊ သမီး (၃) ဦးကျန်ရစ်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ဖေဖော်ဝါရီ (၂)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ရဲချုပ်အဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်ပြီး ၎င်း၏ ဦးဆောင်မှုအောက်တွင်ရှိသော ရဲတပ်ဖွဲ့သည် စစ်အာဏာရှင်ဆန့်ကျင်သူများကို ကျည်အစစ်များဖြင်ပါ အသုံးပြု၍ ပစ်ခတ်ဖြိုခွင်းခြင်း၊ လုယက်မှုများ ပြုလုပ်ခြင်းဖြစ်ပေါ်နေခဲ့သည့်အပြင် စစ်ကြောရေးစခန်းများတွင်ပါ စစ်ဆေးခံနေရရင်း သေဆုံးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။