ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌ ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့တွင် ချီချောင်းဘက်မှ ပူကွန်းရွာသို့ တပ်စွဲရန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Chin National Defense Force (မင်းတပ်)တို့ကြား ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
အာဏာသိမ်းအဖွဲ့ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ပျံသန်းခြင်းများလည်းရှိနေပြီး ယနေ့ ညနေ (၄) နာရီ မိနစ် (၄၀) အထိ ပစ်ခတ်နေကြဆဲဖြစ်၍ ဒေသခံများမှာ မိုးရွာနေသော်လည်း တောထဲသို့ ပုန်းရှောင်နေကြရကြောင်း သိရသည်။
မင်းတပ်မြို့တွင် ဆန္ဒဖေါ်ထုတ်၍ ဧပြီလ (၂၃) ရက်နေ့က ဖမ်းဆီးခံရသည့် ပြည်သူများအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ အာဏာသိမ်းကောင်စီ၏ စစ်တပ်နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့ကြား ဧပြီ (၂၄) ရက်၊ (၂၆) ရက်နှင့် (၂၇)ရက်နေ့များတွင် လည်းကောင်း၊ မေလ (၁၂) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိလည်းကောင်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အင်အားအလွန်အကျွံသုံး တိုက်ခိုက်သည့် အာဏာသိမ်းစစ်တပ်က မေလ (၁၅) ရက်နေ့တွင် ဖမ်းမိသူများကို ရှေ့မှအကာအကွယ်အဖြစ်ထားကာ မြို့တွင်းဝင်လာသဖြင့် CDF များက ဆုတ်ခွာပေးခဲ့ရပြီးနောက် မြို့တွင်းလိုက်လံဖမ်းဆီးခြင်း သောက်သုံးရေဖြတ်တောက်ခြင်းများကိုပါ လုပ်ဆောင်လာသဖြင့် ဒေသခံအများအပြားမှာ လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်သည်။