နိုင်ငံ့အာဏာသိမ်းကို မတရားသိမ်းခံထားရပြီးနောက် ထီထိုးသူ လျော့နည်းလာသည့်အတွက် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီက အဆင့်မြင့်ပညာရေးဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ် နှင့် ကောလိပ်များအထိ ညွှန်ကြားချက်ထုတ်ပြီး ထီလိုက်ရောင်းနေသည်။
ထီလက်မှတ်(၁၁)စောင်ပါရှိသည့် ထီစာအုပ် တစ်အုပ်လျှင် ကျပ်(၁၀,၀၀၀)နှုန်းဖြင့် လစဉ်ရောင်းချပေးနေသည့်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထီကံစမ်းလိုပါက မှာယူနိုင်ကြောင်း တရားဝင် ညွှန်ကြားစာဖြင့် အသိပေးရောင်းချနေသည်။
ယခုလို ရုံးစာဖြင့် ညွှန်ကြားပြီး ထီရောင်းချမှုသည် ယခင်ကလည်း မရှိခဲ့ကြောင်း တက္ကသိုလ်ဆရာမတစ်ဦးက ပြောသည်။
အရင်က မကြားဖူးဘူး။ ခုနောက်ပိုင်းလဲ မကြားဖူးဘူး။ ခုထွက်လာတဲ့ စာက ပထမဆုံး မြင်ဖူးတာပဲ
ဟု တက္ကသိုလ်ဆရာမတစ်ဦးက ပြောသည်။
အောင်ဘာလေထီကို နိုင်ငံတော်က ရောင်းချပေးနေခြင်းဖြစ်ပြီး ယခင်က အမြင့်ဆုံး ဆုငွေအဖြစ် သိန်းတစ်သောင်းငါးထောင် သတ်မှတ်ခဲ့ရာ မေလ(၁)ရက်နေ့က ဖွင့်လှစ်သည့် (၂၆)ကြိမ်မြောက် ထီတွင် အမြင့်ဆုံးအဖြစ် ကျပ် သိန်းငါးထောင်သာ ရရှိသည်။
အမြင့်ဆုံးဆုငွေနည်းရခြင်းမှာ ထီရောင်းချရငွေ၏ (၆၀)ရာခိုင်နှုန်းကို ဆုငွေအဖြစ် သတ်မှတ်ခြင်းဖြစ်သည့်အတွက် ထီရောင်းချရမှုပေါ်မူတည်ပြီး ဆုငွေသတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။