မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင်း ဆန္ဒပြ၍ဖမ်းခံရသည့် ပြည်သူများကို အမြန်ဆုံးလွှတ်ပေးရန် ရမည်းသင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားသည်။
ရမည်းသင်း မြို့နယ်အတွင်းမှ စစ်အာဏာရှင်စနစ်လက်မခံသည့်ပြည်သူများ၏ ဆန္ဒထုတ်ဖေါ်မှုများအတွင်း အင်းပေါင်မှ (၆) ဦး၊ အင်ကြင်းကန်မှ (၂) ဦး၊ ရွာတန်းမှ (၃)ဦး၊ အင်တောလေးမှ (၁) ဦး၊ ကန့်ထက်မှ (၂) ဦး၊ မှန်စီမှ (၁) ဦး၊ ဝါတိုးအနောက်မှ (၁) ဦး၊ ရွှေစည်းခုံမှ (၁) ဦး၊ သီလဝမှ (၁)ဦးနှင့် ကျောင်းတိုက်စုမှ (၁) ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။
ရမည်းသင်းမြို့နယ်တွင်း ပြည်သူများကို ကာကွယ်ရန်အတွက် မေလ (၁၂) ရက်နေ့က ဖွဲ့စည်းလိုက်သည့် ရမည်းသင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defence Force - Yamethin)က အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထားသည့် ပြည်သူများအား လွှတ်ပေးရန် တောင်းဆိုချက်ထုတ်လာသည်ကို တွေ့ရသည်။