ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ၂၀၂၁ ခုနှစ် မေလ (၁၅) ရက်နေ့တွင် ပြည်သူများအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် ရဟတ်ယာဉ်ကိုပါ အသုံးပြုတိုက်ခိုက်သဖြင့် ခုခံနေသည့် တူမီးကိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆုတ်ခွာပေးလိုက်ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တူမီးများဖြင့် ခုခံနေသည့် မင်းတပ်မြို့မှ ပြည်သူလူထုကို တိုက်ခိုက်ရန်အတွက် အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြည့်တင်းကာ နံနက် (၇) နာရီမှ ညနေ (၃) နာရီအထိ လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် မနားတမ်းပစ်ခတ်ခဲ့သဖြင့် ဗုံးဆံထိပြည်သူများကိုပင် အရေးပေါ်ကုသပေးရန် သယ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ဖမ်းဆီးရမိသည့် ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးပြုကာ မြို့တွင်းဝင်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်လာသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆုတ်ခွာပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆုတ်ခွာပေးလိုက်ချိန်တွင် မြို့တွင်း လူနေအိမ်များကို တံခါးများချိုးဖျက်ဝင်ရောက်၍ အမျိုးသားများအး ဖမ်းဆီးခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။
Photo: CJ