အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်(၂၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ)မှ အထူးကုဆရာဝန် (၂)ဦး ပါဝင်ကြောင်း ဧပြီလ(၂၄)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။
အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ) မှ အထူးကုဆရာဝန် ဒေါက်တာတင်ထွန်းဦး နှင့် ဒေါက်တာအိအိကို တို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
ပြည်သူ့ဘက်က ရပ်တည်ကာ စစ်အာဏာရှင်၏ အာဏာဖြင့်စေခိုင်းမှုကို ဖီဆန်ပြီး CDM လုပ်ဆောင်မှုကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဆရာဝန်များကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်းကို ၂၀၂၁ခုနှစ်ဧပြီလ(၁၃)ရက်နေ့ ညပိုင်းကစ၍ သတင်းထုတ်ပြန်နေရာ ဧပြီလ(၂၄)ရက်နေ့ ညပိုင်းအထိ အမှုဖွင့်ခံထားရသည့် ဆရာဝန် (၂၄၀)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။