နိုင်ငံတော်အာဏာကိုသိမ်းခံရသည့်နောက်ပိုင်း နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူဝန်ထမ်းများမှ ပြည်သူနှင့်အတူ ရပ်တည်ကာ အာဏာရှင်ကို ဖီဆန်ပြီး CDM လုပ်ဆောင်သည့် နည်းတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပုဂ္ဂလိကဘဏ်များမှ ဝန်ထမ်းများကလည်း CDM လုပ်ဆောင်ထားရာ ယနေ့ သင်္ကြန်အတက်နေ့ ဧပြီလ(၁၆)ရက်နေ့တွင် စစ်အာဏာရှင်ကိုဆန့်ကျင်မှုများ လုပ်ဆောင်နေသည့် လူငယ်များက စုပေါင်းပြီး (၈)ဦးကို ထောက်ပံ့ကြောင်း သိရသည်။
"ကျွန်တော်တို့ကို အကူအညီတောင်းလာတာ (၁၀)ယောက်ရှိတယ်။ အဲ့ထဲက (၈)ဦးကို ထောက်ပံ့ပေးတာပါ။ နောက်လတွေလဲ ပုံမှန်လှူသွားဖို့ရှိတယ်။ ဘဏ်ဝန်ထမ်းတွေအနေနဲ့လည်း အစိုးရ ဝန်ထမ်းမဟုတ်တော့ လက်ရှိ CDM ထောက်ပံ့မှု မရဘူးဆိုပြီး အကူအညီတောင်းလာလို့ပါ။ သူငယ်ချင်းတွေ စုပြီး ကူညီကြတာပါ။ CDM ဘဏ်ဝန်ထမ်းတွေကိုလည်း ပစ်မထားစေချင်ဘူး။ သူတို့ကလည်း တကယ်ကြိုးစားပြီး အရေးတော်ပုံ အောင်မြင်အောင် ပါဝင်နေကြတာပါ။"ဟု ကူညီထောက်ပံ့ပေးသူ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ရှိ စစ်တပ်ပိုင် ဘဏ်များက လွဲ၍ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ်အများစုမှ ဝန်ထမ်းအများအပြားမှာ CDM လုပ်ဆောင်ထားကြသည့်အတွက် ၎င်းတို့၏ ဘဏ်က ဧပြီလ(၂၀)ရက်နေ့မှ ဧပြီလ(၂၆)ရက်နေ့အတွင်း ထွက်စာလာတင်ရန် မတင်ပါက အလုပ်မှ အလိုအလျောက်ထုတ်ပယ်ပြီး ဖြစ်မည်ဖြစ်ကြောင်း ဘဏ်အသီးသီးက ဖိအားပေးခြိမ်းခြောက်ထားကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင် အစိုးရဘဏ်ဖြစ်သည့် မြန်မာစီးပွားရေးဘဏ်၊ စစ်တပ်ပိုင်ဖြစ်သည့် မြဝတီဘဏ်၊ အင်းဝဘဏ်၊ ပုဂ္ဂလိကဘဏ်များအဖြစ် KBZ Bank 1,2,3၊ CB Bank 1,2၊ AGD Bank၊ AYA Bank၊ Myanmar Citizens Bank နှင့် G-Bank တို့ရှိသည်။
CDM လုပ်ဆောင်၍ ထောက်ပံ့သည့် ယခုအဖွဲ့မှာ လူငယ်များစုပေါင်း၍ သီးခြားထောက်ပံ့ခြင်းဖြစ်ပြီး တာချီလိတ်မြို့အနေဖြင့် Tachileik CDM Support ရှိနေပြီး Facebook တွင် Tachileik CDM Support အဖြစ်ရိုက်ကာ ရှာဖွေပြီး ဆက်သွယ်နိုင်သလို မြန်မာဖုန်း 09783351140, 09783349648 နှင့် ထိုင်းဖုန်း 0804299028, 0629211240, 0983388264 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။