မြောက်ဥက္ကလာပမှ ပြည်သူ(၁၉)ဦးကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့က သေဒဏ်ချမှတ်

မြောက်ဥက္ကလာပမှ ပြည်သူ(၁၉)ဦးကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့က သေဒဏ်ချမှတ်
ဧပြီ 9, 2021

 ရန်ကုန်မြို့တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြောက်ဥက္ကလာပမြို့နယ် ည ရပ်ကွက်မှ ဖမ်းဆီးခံထားရသူ (၂) ဦးအပါအဝင် ပြည်သူ (၁၉) ဦးကို စစ်ခုံရုံးက ၂၀၂၁ ခုနှစ် ဧပြီလ (၈) ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု   MRTV က ၂၀၂၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် ညပိုင်းသတင်းတွေ ကြေညာသွားသည်။

မြောက်ဥက္ကလာတွင် အာဏာသိမ်းစစ်တပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့အား ဝိုင်းဝန်းရိုက်နှက်ပြီး သေနတ်တစ်လက်နှင့် စကားပြောစက်တစ်ခုလုယူရာတွင် ရိုက်နှက်ခံရသည့်အမျိုးသားမှာ ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သဖြင့် စစ်ခုံရုံးဖြင့် စစ်ဆေးခြင်းဖြစ်သည်ဟု  MRTV သတင်းက ဆိုသည်။



မြောက်ဥက္ကလာ ည ရပ်ကွက်မှ   ဖမ်းဆီးခံထားရသည့် အောင်အောင်ထက်(ခ) အောင်ထက် (ခ) အောင်ကြီးနှင့် ဘိုဘိုသူတို့အပြင် မင်းမင်းဦး၊ ရဲထွတ် (ခ) ရဲရင့်ကျော်၊ ငမိုး (ခ) အောင်ဇော်မိုး၊ အောင်နိုင်ဦး၊ ဝဏ္ဏ (ခ) ဝဏ္ဏသူ (ခ) ပြည့်စုံမြင့်၊ စည်သူထွန်း၊ ဇော်မျိုးအောင်၊ ကျော်သူ၊ ဂျင်းမီ(ခ) စိုးထွန်းနိုင်၊ ကျော်ဇေယျလင်း (ခ) ကောင်းကောင်း၊ အာကာ၊ မျိုးကိုကိုကျော်၊ ကိုဖြိုး(ခ) ပြည့်ဖြိုးကျော်၊ အောင်သက်ဦး၊ ဒေါ်နီနီအောင်၊ ချိုတူး(ခ) မြင့်ဦး၊ အောင်မောင်း(ခ) မင်းမင်းစိုးတို့ကိုပါ စစ်ခုံရုံးက ဧပြီလ (၈) ရက်နေ့တွင် ပုဒ်မ ၃၉၆/၃၉၇ အရ သေဒဏ်ပေးသည်ဟု ဖေါ်ပြပြီး ဖမ်းဆီးရမိခြင်းမရှိသေးသည့် (၁၇) ဦီးကိုလည်း ဖမ်းဝရမ်းထုတ်ကြောင်း ကြေညာသွားသည်။

လက်ရှိတွင် (၂)ဦးမှာ ဖမ်းခံထားရပြီး ကျန်လွတ်မြောက်နေသည့် (၁၇)ဦးကိုလည်း ဖမ်းဝရမ်းထုတ်ကာ ရှာဖွေနေကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ( ည) ရပ်ကွက်တွင် မတ်လ (၂၆) ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှ တပ်ကြပ်ကြီး (၁) ဦးနှင့် အရာရှိတစ်ဦး ရိုက်နှက်ခံရပြီး သေနတ်နှင့် ကျည်ဆန်များ ပျောက်ဆုံးနေသည်ဟု ဆိုကာ မတ်လ (၂၇) ရက်နေ့တွင် ရပ်ကွက်အား ပိတ်ဆို့ထားပြီး ဖမ်းဆီးမှုများ လုပ်ခဲ့ခြင်းဖြစ်သည်။ သေနတ်နှင့်ကျည်ဆံမရမချင်း ပိတ်ဆို့ထားမည်ဟု သတင်းဖြန့်ထားပြီးနောက် မတ်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် (၆) ကွေ့အနီး ညောင်ပင်မှ သေနတ်နှင့် ကျည်ဆန်များတွေ့ရှိခဲ့သည်ဟု သိရပြီး ရပ်ကွက်တွင်းမှ ဖမ်းဆီးခံရသူ (၆၀)ဦီးမှ (၃၀)ဝန်းကျင်မှာ မတ်လ (၂၉) ရက်နေ့တွင် ပြန်လွတ်လာသော်လည်း ကျန်သူများ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာ မြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်များမှ ဖမ်းဆီးခံရသူများကို အရပ်ဖက် စစ်ခုံရုံးဖြင့် ပြစ်ဒဏ်ချမှတ်နေခြင်းဖြစ်သည်။