စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းမှုပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းမှုပြီးစီး
မတ် 8, 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၇) မြို့နယ်လုံးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပြီးကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားပြုကော်မတီက

၂၀၂၁ ခုနှစ်၊ မတ်လ ( ၈ ) ရက်နေ့တွင် ကြေညာသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲမှ ရွေးကောက်ခံကိုယ်စားလှယ်များက အွန်လိုင်းမှ ကျမ်းသစ္စာကျိန်ဆိုပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းကာ ယင်းကော်မတီ၏ မူဝါဒအတိုင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို မြို့နယ်/ ကျေးရွာများအလိုက် ဖွဲ့စည်းနေကြခြင်းဖြစ်သည်။



ယင်းသို့ဖွဲ့စည်းနေရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် (၃၇) ရှိသည့်အနက် (၃၇) မြို့နယ်လုံး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းကို မတ်လ (၈) ရက်နေ့၌ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အာဏာသိမ်းထားသည့်အဖွဲ့ကလည်း အုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကြိုးစားနေချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များကလည်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကို ဖေါ်ဆောင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။



Tachileik News Agency