ရန်ကုန် နှင့် ကူမင်း လေကြောင်းဖြင့် ပျံသန်းသွားလာနေခြင်းမှာ မြန်မာနိုင်ငံမှ ရေထွက်ကုန်များ ပို့ဆောင်နေခြင်းဟု MAI ရှင်း

ရန်ကုန် နှင့် ကူမင်း လေကြောင်းဖြင့် ပျံသန်းသွားလာနေခြင်းမှာ မြန်မာနိုင်ငံမှ ရေထွက်ကုန်များ ပို့ဆောင်နေခြင်းဟု MAI ရှင်း
ဖေဖော်ဝါရီ 17, 2021 | နိုင်ငံရေး

နိုင်ငံအာဏာသိမ်းခံရသည့် ကာလအတွင်း MAI က ရန်ကုန် - ကူမင်းမြို့ ပျံသန်းပြေးဆွဲနေသည့် ကုန်တင်လေယာဉ်များမှာ ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို လေကြောင်းဖြင့် ပြောင်းလဲတင်ပို့နေသည့် ခရီးစဉ်များဖြစ်ပြီး ပြင်ပတွင်ထွက်ပေါ်နေသည့် သတင်းများမှ မဟုတ်မှန်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့၌ ရှင်းလင်းချက်တစ်စောင် ထုတ်ပြန်သည်။



ကိုဗစ်ကာလအတွင်း ခရီးသည်တင်လေကြောင်းခရီးစဉ်များကို ရပ်နားထားသော်လည်း ကုန်တင်လေယာဉ်များ ပျံသန်းပြေးဆွဲနေပြီး တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ရေထွက်ကုန်များမှာ ပုံမှန်ကုန်သွယ်လမ်းကြောင်းမှ တင်ပို့ရန်အခက်အခဲဖြစ်၍ လေကြောင်းဖြင့် တင်ပို့နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



နိုင်ငံတော်အာဏာသိမ်းခံထားရသည့်ကာလအတွင်း ရန်ကုန် - ကူမင်းလေကြောင်းပျံသန်းနေပြီး လေယာဉ်ပေါ်မှ စစ်စိမ်းရောင် သေတ္တာရှည်များတင်ထားသည့် ဓာတ်ပုံလည်း ထွက်ပေါ်လာပြီး အဆိုပါလေယာဉ်ခရီးစဉ်များက စစ်တပ်အတွက် အထောက်အပံ့ပစ္စည်းများ သယ်ပို့ပေးနေသည်ဟု ထင်မြင်ယူဆချက်များ ထွက်ပေါ်နေခြင်းဖြစ်သည်။



ယင်းကဲ့သို့ ထင်မြင်ယူဆချက်များထွက်လာပြီးနောက် တရုတ်ကုန်သည်ကြီးများအသင်းက Seafood များ တင်ပို့ခြင်းဖြစ်သည်ဟု ထုတ်ပြန်လာခဲ့ကာ MAI ကလည်း ရေထွက်ကုန်များ တင်ပို့ခြင်းဖြစ်သည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။



မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံတော်အာဏာသိမ်းခံရသဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM လုပ်ဆောင်နေကြရာ လေကြောင်းလုပ်ငန်းမှ ဝန်ထမ်းများလည်း ပါဝင်နေကြပြီး MAI က တရုတ်သို့ ပင်လယ်စာများ တင်ပို့နေသည်ဟု သိရသည်။

Tachileik News Agency

ဓါတ်ပုံ - MAI