တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းဘေး စားသောက်ဆိုင်အတွင်း  သေနတ်ပစ်ခတ်မှုကြောင့် (၃)ဦး ဒဏ်ရာရသည့် CCTV မှတ်တမ်း ထွက်ပေါ်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မယ်ဆိုင်ချောင်းဘေးမှာ ဖွင့်လှစ်ထားတဲ့ @16 စားသောက်ဆိုင်မှာ စားသောက်နေကြတဲ့ ထိုင်းလူငယ်တစ်စုကို ထိုင်းလူငယ်တစ်ဦး ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး CCTV မှတ်တမ်း ထွက်ပေါ်လာပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ် ဇွန်လ(၁၇)ရက်နေ့ ညနေ(၄)နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် ထိုင်းအမျိုးသမီး(၁)ဦး နဲ့ အမျိုးသား(၂)ဦး စုစုပေါင်း ထိုင်းနိုင်ငံသား (၃)ဦး ဒဏ်ရာရရှိသွားကြပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ထိုင်းအမျိုးသမီး ရဲ့ ပေါင်နဲ့ခါးမှာ ကျည်ထိမှန်သွားပြီး ကျန်တဲ့ ထိုင်းအမျိုးသား(၂)ဦးကတော့ ပေါင်ကို ကျည်ဖောက်ဝင်သွားတယ်လို့ သိရပါတယ်။

အခုလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်နဲ့လာရောက်ပစ်ခတ်သွားပြီး ထွက်ပြေးတိမ်းရှောင်သွားသူကို တာချီလိတ်ရဲတပ်ဖွဲ့က ဇွန်လ(၂၁)ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရပါတယ်။

နယ်စပ်ဒေသ တာချီလိတ်မြို့မှာ တရားမဝင်နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားများနဲ့ထိုင်းနိုင်ငံသား အများအပြားရှိကြပြီး ထိုင်းအများစုကတော့ အခုလိုမျိုး အချင်းချင်း ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး CCTV မှတ်တမ်းများရှိကြပေမဲ့ တာချီလိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမရှိတာတွေက များပါတယ်။