ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့ တုံချိန်ထဲ၌ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲနှစ်ဦးနှင့် တရုတ်သူဌေးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ့စစ် (၃)ဦး သေနတ်ထိမှန်ဒဏ်ရာရ ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ယနေ့ ၂၀၂၃ခုနှစ် မေလ(၂၇)ရက်နေ့ နေ့လည်(၂)နာရီကနေ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်ထိ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“တရုတ်သူဌေးတွေ အချင်းချင်း ပဋိပက္ခ ရှိတာလား မပြောတတ်ဘူး။ တိုက်ပွဲက ကျွန်တော်တို့ ရှေ့မှာတင် ဖြစ်သွားတာ။ ပြည်သူနှစ်ယောက် ခြေထောက် ထိထားတယ်။ နောက်တစ်ယောက်က လက်ကျိုးသွားတယ်။ ရဲနှစ်ယောက်နဲ့ တရုတ်သူဌေး တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ ကျွန်တော်လည်း ပြည်သူ့စစ်တွေကြားကနေ ထွက်ပြေးလာတာ အခုမှ အဆောင်ပြန်ရောက်တာ”ဟု လောက်ကိုင်တွင် အလုပ် လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။
လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်ကသာ အဓိက လှုပ်ရှားနေခြင်းဖြစ်ပြီး ယခုလို ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေသည့်ဒေသဖြစ်သလို စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ကို ပြန်လည် ထိန်းကွပ်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။
Video: The Kokang