တာချီလိတ် Harry Potter KTV အနီးရှိ လောင်းကစားဂိမ်းခုံ ဓါးပြတိုက်ခံရ

 တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း  Harry Potter သွားလမ်းအနီးရှိ လောင်းကစားဂိမ်းခုံတွင် သေနတ်ကိုင်ထားသည့် လူတစ်စုမှ ၂၀၂၃ခုနှစ် မေလ(၂၇)ရက်နေ့ နံနက်(၅)နာရီ(၁၇)မိနစ်အချိန်က ဓါးပြတိုက်သွားကြောင်း သိရသည်။

ခြိမ်းခြောက်ဓါးပြတိုက်ရာတွင် လူထိခိုက်မှုမရှိသော်လည်း ငွေကြေးနှင့်ပစ္စည်းများ ယူဆောင်သွားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဖွင့်လှစ် လုပ်ကိုင်နေသည့် လောင်းကစားဂိမ်းခုံလုပ်ငန်းများသည် တာချီလိတ်တပ်နယ်နှင့် ရဲတပ်ဖွဲ့ထံက လစဉ်ကြေးပေးပြီးမှ ဖွင့်လှစ်နေကြခြင်းဖြစ်ပြီး လစဉ်ကြေးများကို အချို့နေရာများတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အချို့က ကောက်ခံပေးရသလို အချို့နေရာများတွင် ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ၏ နှစ်ဝက်ပိုင်းကစပြီး ယနေ့အချိန်အထိ ခိုးဆိုးလုယက်မှုများ နေ့စဉ်ဖြစ်ပွားနေသည့်အပြင် ယခုလို ဓါးပြတိုက်မှုများလည်း မကြာခဏ ဖြစ်ပွားနေပြီး ဖမ်းဆီးအရေးယူခြင်းမရှိသည့်အပြင် သေနတ်များကိုင်ဆောင်သူများဖြစ်၍ ဒေသခံများက အဆိုပါအဖွဲ့များတွင် စစ်တပ်နှင့်ရဲတို့ ပါဝင်ပတ်သက်မှုရှိဟန်တူကြောင်း ပြောဆိုမှုများလည်း ရှိနေကြသည်။